ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး နှင့် မြစိမ်းရောင်စီမံကိန်း သုံးသပ်ဆွေးနွေးပွဲကျင်းပ

ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီး ပေါ်ထွန်းလာရေး ကြိုးပမ်း အကောင် အထည် ဖော်ဆောင်ရွက်ရာတွင် မည်သူ တစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေပဲ တစ်ပြေးညီ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဦးတည် ဆောင်ရွက်ရန် လိုကြောင်း၊ အထူးသဖြင့် ရေရှည်တည်တံ့ ခိုင်မြဲရေး၊ ထိခိုက်လွယ်အုပ်စုများအပါအဝင် အားလုံးတန်းတူ ပါဝင်စေရေး၊ ဒီမိုကရေစီ စံနှုန်း များ၊ ကောင်းမွန်သော စီမံအုပ်ချုပ်မှုနည်းလမ်းများ နှင့်အညီ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများသည် ရွာသစ်တည်ပြီး၊ ပြည်သစ်ဆောက် နေကြသူများ ဖြစ်သည့်အတွက် ပြည်သူ့ အကျိုးကို ရှေ့ရှု၍ စေတနာထားဆောင်ရွက် ပေးကြစေလိုကြောင်း မေလ ၂၇ ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ ရုံးချုပ် အစည်းအဝေးခန်းမ ၌ ကျင်းပ ပြုလုပ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး နှင့် မြစိမ်းရောင်စီမံကိန်း သုံးသပ် ဆွေးနွေးပွဲ အခမ်းအနား တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာ၌ မိမိတို့ ဝန်ကြီးဌာန အောက်ရှိ တာဝန်ရှိသူအဆင့်ဆင့်တို့အနေဖြင့် လက်ရှိနိုင်ငံရေး အခြေအနေ များကို မျက်ခြေ မပြတ် လေ့လာပြီး မှန်မှန်ကန်ကန် သုံးသပ်သိမြင်ရန် လိုကြောင်း ၊ မိမိတို့ သိရှိထားသည့် အခြေအနေမှန်များကိုလည်း လုပ်ဖော်ကိုင်ဘက်များ နှင့် မိမိတို့နှင့် ပူးပေါင်း ဆောင်ရွက်နေသည့် ကျေးရွာများအထိ သိရှိနားလည်စေရေး ရှင်းလင်း ပြောကြားပေးစေလိုကြောင်း၊ ကျေးလက် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က အဓိက တာဝန်ယူ ဆောင်ရွက်ပေးနေသော်လည်း ကျေးလက်နေ ပြည်သူများ၏ စိုက်ပျိုး မွေးမြူရေး အခြေခံသော စီးပွားရေး လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်  ဘက်စုံထောင့်စုံမှ စွမ်းဆောင်ပေးနေကြသည့် ဆက်စပ်ဦးစီးဌာနများ အားလုံးသည်လည်း မိမိတို့ဝန်ကြီးဌာန အောက်တွင် တစ်စုတစ်စီးတည်း ပါဝင်နေလျက်ရှိရာ ဌာနများ အချင်းချင်းပူးပေါင်း ဆောင်ရွက် မှုဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားရေးကို တိုးမြှင့် အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

ကျေးလက် ဒေသများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကို ပုခုံးပြောင်း တာဝန်ယူ လာကြမည့် ကျေးလက်လူငယ်များ၏ စွမ်းဆောင်ရည်မြင့်မားရေး အတွက် ခေါင်းဆောင်မှု နှင့် စီမံခန့်ခွဲရေး ဆိုင်ရာ သင်တန်းများ ထိထိရောက်ရောက် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း၊ အလားတူ ကျေးရွာဖွံ့ဖြိုးရေးခေါင်းဆောင်များ ရွေးချယ်ရာတွင် အမှန် တကယ် ဦးဆောင်နိုင်မည့် အရည် အချင်းပြည့်ဝသူကို ကျေးရွာ ပြည်သူများ ကိုယ်တိုင်က စိတ်ပါဝင်စားစွာ ရွေးချယ် တင်မြှောက် လိုသည့် အလေ့အထများ ထွန်းကားလာရေး ကိုလည်း အသိပညာပေး ဆွေးနွေးမှုများ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ “ငါတို့ လုပ်နိုင်တယ်” ဟူသည့် မိမိကိုယ်ကိုယ် ယုံကြည်စိတ်၊ ကိုယ့်အားကိုယ်ကိုးစိတ်၊ စုပေါင်းဆောင်ရွက်လိုစိတ်များ ပေါ်ထွန်းလာရေးအတွက်လည်း ပြုစုပျိုးထောင် ပေးကြရန် လိုအပ်ကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲ စေရေး အတွက် ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်စေရန် ကျေးရွာအစု အဖွဲ့များ ဖွဲ့စည်းခြင်း၊ အသိပညာပေးခြင်း၊ လေ့ကျင့်သင်ကြားခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်မှာ ဖြစ်ကြောင်း၊

နိုင်ငံ့လူဦးရေအများဆုံးဖြစ်သည့် ကျေးလက်နေ ပြည်သူများ ၏ တစ်ဦးချင်း ဝင်ငွေတိုးတက်အောင် ဆောင်ရွက်ပေးနိုင်မှသာ ဝယ်လိုအား တိုးတက်လာပြီး ကုန်ထုတ် စွမ်းအား မြင့်မားလာမှုနှင့်အတူ တိုင်းပြည်ဖွံ့ဖြိုးရေးကို ထိရောက်စွာ အထောက် အကူ ပြုနိုင်မည်ဖြစ်ကြောင်း၊

ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက် ပျက်စီးမှု မရှိစေရေး၊ ရာသီဥတုပြောင်းလဲမှု လျော့ပါးရေး အစီအမံများ၊ ရာသီဥတုနှင့် လိုက်လျော ညီထွေ နေထိုင်ရေး အစီအစဉ်များ ထည့်သွင်းဆောင်ရွက်ရန်လိုကြောင်း၊ ထို့အပြင် သဘာဝဘေး ကြိုတင်ကာကွယ်ရေး ၊ သဘာဝဘေး ဖြစ်ပေါ်လာပါက ချက်ချင်း တုံ့ပြန်ဆောင်ရွက်ရေး နှင့် ယင်းလုပ်ငန်းများကို ဒေသအာဏာပိုင်များ ဆက်စပ်ဌာနများ နှင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်း သည် နိုင်ငံတစ်ဝှမ်းလုံးရှိ ကျေးရွာ ၂၂ ရာခိုင်နှုန်းခန့် ကို လွှမ်းခြုံထားပြီး ကျေးလက် ပြည်သူ (၈)သန်းကျော်အား အကျိုးပြုလျက်ရှိရာ စီမံကိန်း လုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ လူထုဗဟိုပြု ဖွံ့ဖြိုးရေး ချဉ်းကပ်မှု နည်းလမ်းဖြင့် ကျေးရွာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ အသက်မွေး ဝမ်းကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျေးရွာပိုင် အရင်း မပျောက် မတည်ငွေများ ရေရှည်အကျိုးရှိစွာ အသုံးပြု နိုင်ရေး အတွက် ကြုံတွေ့နိုင်သည့် အခက်အခဲများကို ကြိုတင်မျှော်မှန်း၍ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများ နှင့် ဒေသခံ ပြည်သူများ ပိုမို ထိတွေ့ကာ အကောင်းဆုံး နည်းလမ်းများ ရှာဖွေဆောင်ရွက်လျက်ရှိသည်။

ဆက်လက်၍  ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က နိုင်ငံ့ဝန်ထမ်းဥပဒေ နည်းဥပဒေများနှင့်အညီ အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်ရန်လိုအပ်ချက်များ၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ နှင့် အသေးစားအိမ်တွင်းမှုလုပ်ငန်းများအခြေခံသည့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးရန် လိုအပ်ချက်များကို ဆွေးနွေး ပြောကြားသည်။

ထို့နောက်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ နှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ဆွေးနွေးပွဲသို့ တက်ရောက်လာကြ သည့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ က ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း တင်ပြ ဆွေးနွေးခဲ့ကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် မြစိမ်းရောင်စီမံကိန်း သုံးသပ်ဆွေးနွေးပွဲ သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် နှင့် ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးချုပ်မှ တာဝန်ရှိသူများ နှင့် တိုင်းဒေသကြီး ပြည်နယ် ဦးစီးမှူးများ တက်ရောက်ကြပြီး ၊ တိုင်းဒေသကြီး ပြည်နယ် အင်ဂျင်နီယာမှူးများ က အွန်လိုင်းစနစ် ဖြင့် တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။