ဒေသ၏ ရေ၊ မြေ ရာသီဥတုနှင့် ကိုက်ညီ၍ ဈေးကွက်ဝင် တန်ဖိုးမြင့် စပါးမျိုးများစိုက်ပျိုးထုတ်လုပ်နိုင်ရေးလုပ်ငန်းများအပြင် တောင်သူများစိုက်ပျိုးထုတ်လုပ် လိုက်သည့် သီးနှံများ အတွက် ခိုင်မာသေချာသည့် ဈေးကွက်ဖော်ဆောင်ပေးနိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တောင်သူနှင့် ပုဂ္ဂလိကရင်းနှီးမြုပ်နှံ သူများ အကြား အပြန်အလှန်နားလည်ယုံကြည်မှုတည်ဆောက်ပေးခြင်းဖြင့် အကျိုးတူ ကန်ထရိုက် လယ်ယာစနစ် ထွန်းကားလာစေရန် စိုက်ပျိုးရေး၊မွေးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိသည်။
ပြည်ပဝယ်လိုအား ဈေးကွက်ရှိနေသည့် တန်ဖိုးမြင့်စပါးမျိုးများ မျိုးပွား မျိုးစေ့ ထုတ်ခြင်း၊ စီးပွားဖြစ်ဆန်စပါးစိုက်ပျိုးကြိတ်ခွဲ၍ ပြည်ပ ဈေးကွက်သို့ တင်ပို့ ရောင်းချခြင်းလုပ်ငန်းများ ကို မြန်မာနယူးဧရာစိုက်ပျိုးရေးကုမ္ပဏီလီမိတက် က ဆောင်ရွက်လျက်ရှိရာ တောင်သူများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကန်ထရိုက်လယ်ယာစနစ် တိုးချဲ့လုပ်ကိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၂၆ ရက်နေ့ နံနက်ပိုင်း က စိုက်ပျိုးရေး၊မွေးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး ၌ ကျင်းပ ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး နှင့် တာဝန်ရှိသူများ ၊ မြန်မာ နယူးဧရာ စိုက်ပျိုးရေးကုမ္ပဏီလီမိတက် မှ ဦးစိုးလင်းထွန်း နှင့် တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
စိုက်ပျိုးရေး၊မွေးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က ကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်ရာတွင် လိုက်နာရန် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ကြောင်း ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဆန်စက်လုပ်ငန်းရှင်များ၊ သွင်းအားစု လုပ်ငန်းရှင်များ၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ ပါဝင်သော သုံးပွင့်ဆိုင် စနစ်ဖြင့် ဆောင်ရွက်နိုင်ရေးကို သက်ဆိုင်ရာ ဌာနများ အဖွဲ့အစည်းများ နှင့် ပူးပေါင်း ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ရှိ ကန်ထရိုက်လယ်ယာ စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်မှု ဧက တစ်သိန်းကျော် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်များအရ သိရသည်။
မြန်မာနယူးဧရာစိုက်ပျိုးရေးကုမ္ပဏီလီမိတက် က ဝယ်ယူ ဈေးကွက် အာမခံချက်ရှိပြီးဖြစ်သော တန်ဖိုးမြင့်စပါးမျိုး များ ကို စနစ်တကျ မျိုစေ့မှတ်ပုံတင်ခြင်း ၊ မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း အပါအဝင် တောင်သူများ နှင့် အကျိုးတူ ကန်ထရိုက် လယ်ယာစနစ်ဖြင့် ဆောင်ရွက်ခဲ့ရာ ဧရာဝတီတိုင်း ဒေသကြီး ၌ ၂၀၂၀ နွေစပါးရာသီတွင်ဧကတစ်သောင်းခန့် ၊ နေပြည်တော် ရှိမြို့နယ်(၅)ခု နှင့် ရမည်းသင်း မြို့နယ်များ၌ မိုးစပါးဧက နှစ်ထောင်ကျော် စိုက်ပျိုးထုတ်လုပ်ခဲ့ပြီး ၂၀၂၁ နွေစပါးရာသီ တွင် တောင်ငူ၊အုတ်တွင်း၊ဖြူးမြို့နယ်များ၌ ဧက ၄၅၀၀ စိုက်ပျိုး ထုတ်လုပ်ခဲ့ကာ သတ်မှတ်ဈေးနှုန်းများဖြင့် ပြန်လည်ဝယ်ယူပြီးဖြစ်ကြောင်း၊ လာမည့် စိုက်ပျိုး ရာသီများတွင် အကျိုးတူကန်ထရိုက် လယ်ယာစနစ် ဖြင့် ပြည်ပ ဝယ်လို အား ဈေးကွက်ရှိနေသည့် တန်ဖိုးမြင့် စပါးမျိုးများ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် အစိုးရ-ပုဂ္ဂလိက နှင့် တောင်သူများ ပူးပေါင်းဆောင်ရွက် နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ယနေ့ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။