ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ရိတ်သိမ်းချိန်လွန်နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများ နှင့် နည်းပညာဖြန့်ဝေခြင်း လုပ်ငန်းများ ကိုအရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်

စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတွင် ရိတ်သိမ်းပြီးချိန်မှ စားသုံးသူလက်ဝယ် ရောက်ချိန်အထိ ကြားကာလတွင်း  လေလွင့် ပျက်စီးမှု ပမာဏအများဆုံး ဖြစ်သည်ကိုလေ့လာတွေ့ရှိရမှာဖြစ် ကြောင်းဆွတ်ခူးရိတ်သိမ်းခြင်း သယ်ယူသိုလှောင်ခြင်းထုပ်ပိုး ဖြန့်ချိ ခြင်း စသည့် လုပ်ငန်းစဉ်တလျောက်တွင် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်မှုများကို ထိရောက်စွာကုစားနိုင်မည့် ရိတ်သိမ်းချိန်လွန်နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများ နှင့် နည်းပညာဖြန့်ဝေခြင်း လုပ်ငန်းများ ကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  မေလ ၂၂ ရက်နေ့ နေ့လယ် ပိုင်းက နေပြည်တော် ဇေယျားသီရိမြို့နယ် ရှိရိတ်သိမ်းချိန်လွန်နည်းပညာဗဟိုဌာန သို့ ရောက်ရှိစစ်ဆေးစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး ကပြောကြားသည်

ဒုတိယဝန်ကြီး က ဆက်လက်ပြောကြားရာတွင် တောင်သူများ ပင်ပန်းကြီးစွာ စိုက်ပျိုးထုတ်လုပ်လိုက်သည့် သီးနှံများ လေလွင့် ဆုံးရှုံးခြင်းသည် နိုင်ငံတော်ဆုံးရှုံးခြင်းပင် ဖြစ်ကြောင်းရိတ်သိမ်းပြီးနောက်ပိုင်း စားသုံးသူလက်ဝယ်သို့ သီးနှံများ စီးဆင်းမှုအပေါ် စီမံခန့်ခွဲမှု အားနည်းချက်များကြောင့် ဖြစ်ပေါ်နိုင်သည့် ထိခိုက်မှုများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊   ထုတ်ကုန် အရည် အသွေး ထိခိုက် ခြင်းပိုးသတ်ဆေး ဓါတ်ကြွင်း အာနိသင်များ အယ်လ်ဖာတောင်စင် ကဲ့သို့သော မှိုများ နှင့် အဏုဇီဝ ပိုးမွှား များ ကြောင့် စားသုံးသူ ဘေးအန္တရာယ် ဖြစ်စေနိုင်မှုကိုတားဆီးကာကွယ် နိုင်ရေး အတွက် တောင်သူများပုဂ္ဂလိကလုပ်ငန်းရှင်များ နှင့် သက်ဆိုင်သူအားလုံးတို့ က ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်းအလားတူကုန်ကြမ်းအဖြစ် တင်ပို့ရောင်းချနေကြ ခြင်းကြောင့် ရာသီအလိုက်ရိတ်သိမ်းလိုက်သည့် သီးနှံများ အစုလိုက်အပြုံလိုက် ဈေးကွက် သို့ ဝင်ရောက်လာသဖြင့် သီးနှံဈေးနှုန်းပျက်ခြင်းအချို့သီးနှံများ အစုလိုက် အပုံလိုက် ပျက်စီး ဆုံးရှုံးနေရခြင်းများကို မကြာခဏကြားသိနေရကြောင်းအဆိုပါ ဆုံးရှုံး နစ်နာမှုများကို အထိရောက်ဆုံး ကုစားနိုင်ရေးအတွက် အသင့်စားတန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်မှု ဖွံ့ဖြိုး လာရေး အတွက် မိမိတို့အားလုံး ဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်

ထို့နောက် ဒုတိယဝန်ကြီး အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဒေသနှင့်ကိုက်ညီပြီး အသုံးပြုရန်လွယ်ကူသောရိတ်သိမ်းချိန်လွန် စက်ကိရိယာများ ဆန်းသစ်ပြောင်းလဲသုံးစွဲနိုင်ရေး အတွက် စမ်းသပ်ခြင်းနှင့် ဒီဇိုင်းတီထွင်ထုတ်လုပ်ရေး လုပ်ငန်းများဆောင်ရွက်နေသည့် ရိတ်သိမ်းချိန်လွန် အင်ဂျင်နီယာ ဓါတ်ခွဲခန်း ကိုလည်းကောင်း တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်မှုအဆင့်ဆင့် ကို လည်းကောင်း အရည်အသွေးကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်သော စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် အမြင့်ဆုံး ပိုးသတ်ဆေးဓါတ်ကြွင်း အာနိသင် ပါဝင်မှုနှင့် ဘေးဖြစ်စေတတ်သော အဏုဇီဝ ပိုးမွှားများပါဝင်ပေါက်ဖွားမှု တိုင်းတာစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့် သီးနှံအရည် အသွေး နှင့် ပိုးမွှားကင်းစင်မှု ဓါတ်ခွဲခန်း လုပ်ငန်းများကိုလည်းကောင်း လှည့်လည် ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်