ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြန်မာနိုင်ငံတွင် ပိုးသတ်ဆေး (၃၉၆၁)မျိုးကို မှတ်ပုံတင် ခွင့်ပြုပေးထား။

ပိုးသတ်ဆေးသုံးစွဲသူများ ဘေးအန္တရာယ်ကင်းရှင်းရန် ၊ စားသုံးသူများ နှင့် သဘာဝ ပတ်ဝန်းကျင် ဘေးအန္တရာယ်ကင်းရှင်းရန် တို့ကို ရည်ရွယ်ပြဌာန်းထားသော ပိုးသတ်ဆေး ဥပဒေနှင့်အညီ မှတ်ပုံတင်ခွင့်တောင်းခံလာသည့် ပိုးသတ်ဆေးများနှင့်ပတ်သက်၍ သုံးစွဲမည့် သီးနှံများ နှင့် ပိုးမွှားရောဂါများ အပေါ် ထိရောက်မှု ၊ ဓါကြွင်းအာနိသင် နှင့် ပတ်ဝန်းကျင်အပေါ် ထိခိုက်မှု အနည်းဆုံး ဖြစ်စေရေး စိစစ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သီးနှံ အထွက်နှုန်း တိုးရေး သာမက စားသုံးသူဘေးကင်းလုံခြုံရေးနှင့် ပြည်ပဈေးကွက် ၏ သတ်မှတ်စံနှုန်းများနှင့် ညီညွတ်သည့်  စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်နိုင်ရေးသည် ပိုးသတ်ဆေးများအပေါ် များစွာတည်မီနေကြောင်း မေလ ၂၀ ရက်နေ့ နေ့လယ်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့ ၏ (၃၃)ကြိမ်မြောက် အစည်းအဝေးတွင် ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့ ဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြာသည်။

မြန်မာနိုင်ငံတွင် ပိုးသတ်ဆေးစုစုပေါင်း(၃၉၆၁)မျိုးကို မှတ်ပုံတင် ခွင့်ပြုပေး ထားပြီး၊ ယနေ့ ကျင်းပသည့် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့ ၏ (၃၃)ကြိမ်မြောက် အစည်းအဝေးတွင် ပိုးသတ်ဆေး အမျိုးပေါင်း(၁၅၂)မျိုး၏ နည်းပညာအချက် အလက်များ အပေါ် စိစစ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့ သည် ပိုးသတ်ဆေး မှတ်ပုံတင် လုပ်ငန်း များ အပြင် တင်သွင်း တင်ပို့ ထုတ်လုပ် သိုလှောင် ဖြန့်ချီ ရောင်းဝယ်ခြင်း လုပ်ငန်းများ တွင် အရည်အသွေး စံချိန်စံညွှန်းများ ကိုက်ညီရေး ၊ အတုအပကင်းစင်ရေးအတွက် ဥပဒေ လုပ်ထုံး လုပ်နည်းများ နှင့်အညီ စိစစ် ကြပ်မတ်ခြင်း၊ ပိုးသတ်ဆေးစနစ်တကျ သုံးစွဲရေး အတွက် ပညာပေး ခြင်းလုပ်ငန်းများ၊ ပိုးသတ်ဆေး ဓါတ်ခွဲခန်းများတိုးချဲ့ခြင်းများကို ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။