မွန်ပြည်နယ်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုအားကောင်းလာစေရန် ပြည်ထောင်စုဝန်ကြီးဌာန နှင့် ပြည်နယ်အစိုးရ တို့ စီမံကိန်း စီမံချက်လုပ်ငန်းများ ဟန်ချက်ညီ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို မေလ (၁၆)ရက်နေ့ က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဌ ဦးဇော်လင်းထွန်း နှင့် ကောင်စီဝင်များ ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ကာလတိုအတွင်း ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်မည့် ဦးစားပေးအလိုက် လုပ်ငန်းဆိုင်ရာများ၊ အစိုးရ ပုဂ္ဂလိက နှင့် တောင်သူများ ပူးပေါင်း ဆောင်ရွက် နိုင်မည့် အခွင့်အလမ်းများ ၊ ဈေးကွက်လိုအပ်ချက်နှင့် ထုတ်လုပ်မှု ဟန်ချက်ညီ ဖြစ်စေရေး စီမံဆောင်ရွက်ရန်လိုအပ်ချက်များ၊ နည်းပညာပေးလုပ်ငန်းများ နှင့်အတူ အသိပညာပေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် ကိစ္စရပ်များ ၊ ဒေသဝမ်းစာ ဖူလုံရေး၊ ကုန်ကြမ်း ထုတ်လုပ်မှုမှ တန်ဖိုးမြင့်ကုန်ချောထုတ်လုပ်သည့် စီးပွားရေး လုပ်ငန်းများ ပေါ်ထွန်း လာရေး အားပေးကူညီသွားရန် ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြသည်။
အလားတူ ဒုတိယဝန်ကြီး သည် ပြည်နယ် နှင့် ခရိုင်အဆင့် လယ်ယာ ကဏ္ဍ ဆိုင်ရာ တာဝန်ရှိသူများအား မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေး ခန်းမ တွင် တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မူဝါဒနှင့် လုပ်ငန်းလမ်းညွှန် ချက်များ၊ တည်ဆဲ နိုင်ငံ ဝန်ထမ်း ဥပဒေကိုတိကျစွာလိုက်နာကျင့်သုံးရေး၊ ဝန်ထမ်း ကျင့်ဝတ်များနှင့်အညီ အဂတိ တရားကင်းစွာဖြင့် တောင်သူ့အကျိုး နိုင်ငံအကျိုး သယ်ပိုး ဆောင်ရွက်ရန် လိုအပ် ချက်များ၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး နှင့် သက်သာချောင်ချိရေး စီမံ ဆောင်ရွက် ပေးရန် လိုပ်ချက်များ၊ တောင်သူများ ကျေးလက်နေ ပြည်သူများ ၏ လူမှုစီးပွား ဘဝမြှင့်တင် နိုင်ရေး အတွက် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ကျေးလက်ဖွံ့ဖြိုးရေးကဏ္ဍ နှင့် သမဝါယမ ကဏ္ဍများ မှ ကာလတိုအတွင်း သိသာ ထင်ရှားစွာ အကောင်အထည်ဖော် ဆောင်ရွက် ပေးနိုင်မည့် လုပ်ငန်းရပ်တစ်ခုချင်းအား ဆွေးနွေးပြောကြားပြီး ဌာန ဆိုင်ရာများ ၏ တင်ပြချက် များ အပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
ဒုတိယဝန်ကြီး သည် လယ်ယာကဏ္ဍ ပိုမိုဖွံ့ဖြိုးလာရေး အားပေးကူညီရန် မွန်ပြည်နယ် တွင်ရောက်ရှိနေစဉ် ပုဂ္ဂလိကမွေးမြူရေးခြံများ ၊ မုဒုံမြို့နယ် ရှိ နှစ်ရှည် ပင်များ သုတေသန နှင့် နည်းပညာဖွံ့ဖြိုးရေးခြံ နှင့် ကန်ကလေးဥယျာဉ်ခြံများ ၏ သုတေသနဆောင်ရွက်ချက်များနှင့် နည်းပညာပြန့်ပွားရေး ဆောင်ရွက်ချက်များ၊ မျိုးသန့် မျိုးပွား ပျိုးပင်များ ဖြန့်ဖြူးပေးနေမှုများကို လည်းကောင်း ၊ ကျေးလက် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း ၊ လူထုဗဟိုပြုစီမံကိန်း လုပ်ငန်း များ ၏ လုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများ နှင့် ရှေ့လုပ်ငန်းစဉ် များ ကို လည်းကောင်း ၊ ပေါင်မြို့နယ်သမဝါယမအသင်းစုလီမိတက် ၏ ကုန်ထုတ် လုပ်ငန်း၊ ကုန်သွယ် လုပ်ငန်း၊ ဝန်ဆောင်လုပ်ငန်း၊ အရစ်ကျစနစ်ဖြင့် စက်ကိရိယာ ပစ္စည်းများ ရောင်းချခြင်း လုပ်ငန်း များ ကိုလည်းကောင်း ၊ မော်လမြိုင် မြို့ရေပေးရေး လုပ်ငန်းခွင် နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကိုလည်းကောင်း ကြည့်ရှုအားပေးပြီး လိုအပ်ချက်များအား သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ နှင့် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်သည် နှစ်ရှည်ပင်များ၊ ဥယျာဉ်ခြံသီးနှံများ နှင့် သီးနှံစုံ စိုက်ပျိုး ဖြစ်ထွန်းလျက်ရှိပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးအတွက် ရေမြေနှင့် အခြေခံကောင်းများ ရှိသည့် ဒေသတစ်ခုဖြစ်ရာ ပြည်နယ်၏ စားနပ်ရိက္ခာဖူလုံပိုလျှံရေး နှင့် စားအုံးဆီကဲ့သို့ သော ပြည်ပသွင်းကုန် လျှော့ချ နိုင်ရေး ၊ လယ်ယာထွက်ကုန်များ ကုန်ကြမ်းထုတ်လုပ်မှုမှ တန်ဖိုမြှင့် ကုန်ချောများထုတ်လုပ်မှု ဖွံ့ဖြိုးလာရေး အတွက် တောင်သူများ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ဘဏ်များနှင့် ငွေကြေး ရင်းနှီး မြုပ်နှံသူများ ပူးပေါင်းဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန က ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။