ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မိတ္ထီလာလွင်ပြင်စိမ်းလန်းစိုပြေရေး အတွက် ဇော်ဂျီ ကင်းတား ဆည်ရေသောက် ရေအသုံးချသူများအစုအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်

အမြင်မတူကွဲပြားမှုရှိနိုင်သော်လည်း အတူယှဉ်တွဲ နေထိုင်နိုင်ရေး အတွက် အပြန်အလှန် နားလည်ယုံကြည်မှုရှိရန်လိုအပ်ပြီး အဆင်မပြေမှုများ အခက်အခဲ  အကြပ်အတည်းများကို အကောင်းဆုံးကျော်လွှားနိုင်ရန်  စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များ ကို အခြေခံသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး နှင့် လူနေမှုအဆင့် အတန်း မြင့်မား လာရေး အတွက် ကဏ္ဍ အလိုက် အစုအဖွဲ့များ ဖွဲ့စည်းပူးပေါင်း ဆောင်ရွက်နိုင်ရန်  စိုက်ပျိုးရေး၊ မွေးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန က ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းလျက် ရှိသည်။ အလားတူ လယ်ယာ ကုန်ထုတ် လုပ်မှုမြင့်မားရေးအတွက် အဓိက အရေးပါသည့် စိုက်ပျိုးရေ ရရှိရေး လုပ်ငန်းတွင် တောင်သူ လယ်သမားများ၏ ပူးပေါင်းပါဝင်မှု ပိုမို အားကောင်း လာစေရန် နှင့် စိုက်ပျိုးရေကို အလေအလွင့် မရှိ အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ရေအသုံးချသူများအဖွဲ့များ၊ ရေအသုံးချသူများအသင်းများ ကို တိုးချဲ့ဖွဲ့စည်း ဆောင်ရွက် လျက်ရှိသည်။

စိုက်ပျိုးရေး၊မွေးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မေလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် မြို့ကြီးရေလွှဲဆည် ၌ မိတ္ထီလာလွင်ပြင်စိမ်းလန်းစိုပြေရေး အတွက် ဇော်ဂျီ ကင်းတား ဆည်ရေသောက် ရေပေးဝေမှု စနစ် အတွင်းရှိ ဆည်ရေအသုံးချသူများအစုအဖွဲ့များအား တွေ့ဆုံ၍ ခေတ်မီနည်းပညာများ အသုံးပြု၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။

တမံအမြင့် ၂၅၈ ပေ၊ တမံအလျား ၂၄၆၁ ပေရှိ မြေသားတမံ (ဇုံအမျိုးအစား) ဖြစ်သော မြို့ကြီးရေလှောင်တမံသည် ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် မြို့ကြီး ကျေးရွာ အနီးတွင် တည်ရှိပြီး ကန်ရေပြည့်ရေလှောင်ပမာဏ ဧကပေ သုံးသိန်းငါးသောင်း ကျော် ရှိကာ နှစ်စဉ် ပျမ်းမျှစီးဝင်ရေ ဧကပေ သုံးသိန်းခုနစ်သောင်းကျော်ရှိသည်။

မြို့ကြီးမြောင်းမတော် အမှတ်(၁)မှ ကင်းတားလက်ယာရေသောက်စနစ်သို့ ရေကူ ဖြည့်တင်း ပေးဝေသွားမည်ဖြစ်ပြီး မြို့ကြီးမြောင်းမတော် အမှတ်(၂)၊ မိုင်းမောလက်တံ မြောင်းမှ စိုက်ပျိုးမြေ (၁၀၀၀)ဧကကို  ရှေ့ပြေးစီမံကိန်းဧရိယာအဖြစ် သတ်မှတ်၍ စိုက်ပျိုးရေ စတင်ပေးဝေသွားမည်ဖြစ်သည်။ စုစုပေါင်း အလျားမိုင်(၁၀)မိုင် ရှိ အဆိုပါ မြောင်းမတော် အမှတ်(၂)ကို   ကင်းတားရေလွှဲဆည်အနီးမှ အစပြုတူးဖော် တည်ဆောက် ၍ ကင်းတား လက်ဝဲမြောင်းမကြီး နှင့် ပေါင်းဆုံစေပြီးနောက် မြောင်းခွဲရေအား အဆောက် အအုံဖြင့် ရေခွဲထုတ်ကာ ရေပမာဏ(၉၀၀)ကုဗပေ စက္ကန့် ကို စမုံမြစ် အတွင်း သို့ ဝင်ရောက် စီးဆင်း သွားစေ မည်ဖြစ်သည်။ စမုံမြစ်နှင့် ပေါင်းဆုံရာ နေရာ၏ အောက်ဘက် တွင် စမုံမြစ်ပေါ်၌ ရာဘာရေလွှဲဆည် တည်ဆောက်ပိတ်ဆို့ပြီး ယင်းနေရာမှ ရေစုပ်စက် ဖြင့်  စုပ်တင်၍  မိတ္ထီလာ လွင်ပြင် စိမ်းလန်းစိုပြည်ရေးအတွက်  တည်ဆောက် ထားပြီး ဖြစ်သော တူးမြောင်းမကြီး အတွင်းသို့ ရေတင်ပေးသွားမည် ဖြစ်သည်။

ရေအသုံးချသူများအဖွဲ့ နှင့် တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေး ပြောကြားရာ၌ ပြောင်းလဲသက်ရောက်လာသည့် ရာသီဥတုကြောင့် လယ်ယာကဏ္ဍတွင် ကြုံတွေ့ရသည့် အခက်အခဲများတွင် ရေရှားပါးမှုပြဿနာသည်လည်း တစ်ခုအပါအဝင် ဖြစ်ကြောင်း၊ ယခင်က ရေရှားပါးခြင်းကြောင့် အငြင်းပွားခြင်း တောင်သူအချင်းချင်း ကျေးရွာများအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုများရှိခဲ့သော်လည်း ယခုအခါ ရေအသုံးချသူများ အဖွဲ့များ စနစ်တကျဖွဲ့စည်း ဆောင်ရွက်နိုင်ခဲ့သဖြင့် အဆိုပြဿနာများကို အကောင်းဆုံး ကျော်လွှားနိုင်ပြီဖြစ်ကြောင်း၊ ပူးပေါင်းခြင်း နှင့် ညှိနှိုင်းဆွေးနွေး ဖြေရှင်းတတ်သည့် အလေ့အထကောင်းတစ်ခု၏ စွမ်းအားပင်ဖြစ်ကြောင်း၊ ရေကို အကျိုးရှိရှိ အသုံးချ နိုင်ရုံမျှမက အတူယှဉ်တွဲ နေထိုင် နိုင်ခြင်းနှင့် အပြန်အလှန် နားလည်ကူညီခြင်း ၏ အနှစ်သာရကို တွေ့မြင်မည် ဖြစ်ပါ ကြောင်း၊ ယင်းအတွေ့အကြုံ ကောင်းများကိုအခြေခံပြီး စိုက်ပျိုး မွေးမြူ ထုတ်လုပ်ရာတွင်လည်း စုပေါင်း မတည်ခြင်း ကြောင့် ခိုင်မာတောင့်တင်း သော အရင်းအနှီး နှင့် စုပေါင်း ရောင်းချခြင်းကြောင့် လက်ကားဈေးကွက်သို့ဝင်ရောက် နိုင်သဖြင့် ဈေးကွက်အကျိုးအမြတ်ပိုမိုရရှိစေရန် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်မှု သမဝါယမ အသင်းများ ထူထောင်ဆောင်ရွက်ကြစေ လိုကြောင်း၊ လိုအပ်သောအကူ အညီများနှင့် အသင်းအဖွဲ့ဆိုင်ရာ ဥပဒေများနှင့်အညီ ဖွဲ့စည်းဆောင်ရွက်နိုင်ရေးကို မိမိတို့ဝန်ကြီးဌာနက ကူညီပေးသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ရေအသုံးချသူများအဖွဲ့ ခေါင်းဆောင်များက ဆောင်ရွက်ဆဲစိုက်ပျိုးရေးလုပ်ငန်းအခြေအနေများနှင့် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေး၊ ကျေးရွာအလိုက် မျိုးစေ့ထုတ် တောင်သူ အစုများ အဖွဲ့များ ဖွဲ့စည်း၍ ဆန်စပါးထုတ်လုပ်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်ချက်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

မိတ္ထီလာမြို့ရှိ စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း တွင် ဖွင့်လှစ်ပို့ချလျက် ရှိသည့် လယ်ယာသုံးစက်ကိရိယာ စက်ပြင် စက်မောင်းကျွမ်းကျင် သင်တန်း သို့ရောက်ရှိ ကြပြီး မြေပြင်လက်တွေ့သင်တန်းများဆောင်ရွက်နေမှုကိုကြည့်ရှုအားပေးကြသည်။

စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း တွင် ဝန်ထမ်းအရည်အသွေးမြှင့် မွမ်းမံ သင်တန်းများ ၊ တောင်သူသင်တန်းများ နှင့် အခြားအဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်သည့် ပုဂ္ဂလိက သင်တန်းများကို စာတွေ့လက်တွေ့သင်တန်းများ ပို့ချပေး လျက်ရှိပြီး  သင်တန်း အမျိုးအစား များအလိုက် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု စံသတ်မှတ် ပြဌာန်းရေး အဖွဲ့ (NSSA) နှင့် ပူးပေါင်း၍ စက်မှုလယ်ယာဦးစီးဌာနမှ စစ်ဆေး အကဲဖြတ်ကာ ကျွမ်းကျင် အဆင့်လက်မှတ်များ ထုတ်ပေးလျက်ရှိသဖြင့် လယ်ယာသုံး စက်ကိရိယာ ကျွမ်းကျင် သူများ အဖြစ် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေး နိုင်လျက်ရာ ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ် အတွင်း သင်တန်း (၈၅၄)ကြိမ် တွင် သင်တန်းသား (၂၉၇၀၅) ဦး ကို သင်ကြားလေ့ကျင့် ပေးနိုင်ခဲ့ပြီးဖြစ်သည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်းမြို့နယ် ချောင်းမကြီး မျိုးသန့်ခြံ တွင် စပျစ်စိုက်တောင်သူများနှင့်တွေ့ဆုံ၍  စပျစ်စိုက်ပျိုးထုတ်လုပ်မှု အခြေအနေ နှင့် ဈေးကွက် အလားအလာများ ၊ စပျစ်ခြောက် စပျစ်ဝိုင် စသည့် တန်ဖိုးမြှင့် ကုန်ချော ထုတ်လုပ်ရေး၊ ပြည်ပ ဈေးကွက်  သို့ တင်ပို့နိုင်ရေး နှင့် စပျစ်စိုက်ပျိုးသူများ သမဝါယမအသင်းများ ထူထောင် ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။