ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

လက်တွေ့ အသုံးချသုတေသနများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် ၊ တောင်သူများ တွေ့ကြုံ နေကြရသည့် အခက်အခဲများ ကျော်လွှားနိုင်ရေး အတွက် ထိရောက်စွာ အဖြေရှာ ဖော်ထုတ်

လယ်ယာကဏ္ဍ နည်းပညာပြန့်ပွားရေးလုပ်ငန်းများ ကို ဦးဆောင်ဦးရွက် ပြုနေ ကြသည့် စိုက်ပျိုးရေးပညာရှင်များ အနေဖြင့် ဈေးကွက် လိုအပ်ချက် ကို သုံးသပ်၍ တောင်သူများ အတွက် အမှန်တကယ် အကျိုးရှိစေသည့် စိုက်ပျိုးထုတ်လုပ်မှု သုတေသန များ ဆောင်ရွက်ရန် နှင့် တောင်သူများ တွေ့ကြုံနေကြရသည့် အခက်အခဲများ ကျော်လွှား နိုင်ရေး အတွက် ထိရောက် စွာ အဖြေရှာ ဖော်ထုတ်ပေးနိုင်မည့် လက်တွေ့ အသုံးချ သုတေသနများ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်ကြောင်း မေလ(၁၆) ရက်နေ့ နေ့လယ်ပိုင်း က စိုက်ပျိုးရေး ဦးစီးဌာန အောက်ရှိ ဝါသီးနှံသုတေသန နှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံများ ဖြစ်ကြသည့် ဝမ်းတွင်း မြို့နယ် ရွှေတောင်ခြံ နှင့် ကျောက်ဆည်မြို့နယ် လွန်ကျော်ခြံများ ၌ ဌာနဆိုင်ရာတာဝန်ရှိသူများ သုတေသန ပညာရှင်များ နှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး က ဆက်လက်ပြောကြားရာ၌ သီးနှံများစိုက်ပျိုးရာတွင် မျိုးကောင်း မျိုးသန့်များ ဖူလုံစွာအသုံးပြုနိုင်ရေးအတွက် ပုဂ္ဂလိက မျိုးစေ့ ထုတ်လုပ်မှု လုပ်ငန်းများ ကို အားပေးပြီး ခိုင်ခိုင်မာမာရပ်တည်လာချိန်အထိ မိမိတို့ဌာနခြံများက မျိုးစေ့ထုတ်လုပ်ခြင်း၊ မျိုးစေ့ထုတ်တောင်သူအစုအဖွဲ့များ ၊ ပုဂ္ဂလိကကဏ္ဍ နှင့် မျိုးစေ့အထူးပြုကုမ္ပဏီများ က စီးပွားဖြစ်မျိုးစေ့ထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက် သွားရမည် ဖြစ်ပြီး ရေရှည်တွင် ဌာနအနေဖြင့် နည်းပညာ ပြန့်ပွားရေးနှင့် သုတေသန လုပ်ငန်းများ ကို အားစိုက် ဆောင်ရွက်ရန် လိုကြောင်း၊ နည်းပညာ ပြန့်ပွားရေး တွင် မြေပြင် ထွန်ယက် သည်မှ ရိတ်သိမ်းပြီးနောက်ပိုင်း လုပ်ငန်းစဉ်များ အထိ အဆင့်မြင့်နည်းပညာများ အသုံးပြုနိုင်ရေး ၊ ဈေးကွက် လိုအပ်ချက် ရှိနေသည့် သီးနှံများ အရည်အသွေးပြည့်ဝစွာ ထုတ်လုပ် နိုင်ရေးကို အလေးပေး ဆောင်ရွက်ရန် ဖြစ်ပြီး တောင်သူ နှင့် အနီးဆုံးတွင် ရှိနေသည့် သုတေသနခြံများအနေဖြင့် လက်တွေ့မြေပြင် အသုံးချ သုတေသနများကို ဦးစားပေး ဆောင်ရွက် ကြစေလိုကြောင်း၊ အလားတူ သုတေသန ဆောင်ရွက်ချက်များ၊ သုတေသန ဖော်ထုတ် တွေ့ရှိချက်များ စသည့် သုတေသန မှတ်တမ်း မှတ်ရာများ ကို စနစ်တကျ ပြုစု ထိန်းသိမ်း ရန် နှင့် လက်ဆင့်ကမ်း မျှဝေနိုင်ရန် လိုအပ်ကြောင်း ဖြင့်  ဆွေးနွေး ပြောကြားသည်။

မြန်မာနိုင်ငံ၌ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု ဧက စုစုပေါင်းသုံးသိန်းကိုးသောင်းကျော် ရှိပြီး ချည်မျှင်ရှည်ဝါ မျိုးကောင်းမျိုးသန့်များကို ရွှေတောင်ခြံ နှင့် လွန်ကျော်ခြံများ က ထုတ်လုပ် ပေးလျက်ရှိရာ ငွေချည် – ၆ ၊ ငွေချည်-၉ ၊ ငွေချည်-၁၁၊ ရွှေတောင်-၈ နှင့် ရွှေတောင်-၁၀ ဝါမျိုးများ မှာ တောင်သူစိတ်ကြိုက်မျိုးများအဖြစ် ထင်ရှားသည်။ သုတေသနလုပ်ငန်းများ အနေဖြင့် ဝါမျိုးသုတေသနများ၊ စိုက်ပျိုးနည်း စနစ် ဆိုင်ရာ သုတေသန၊ အပင်အဟာရ သုတေသန၊ ရောဂါပိုးမွှား သုတေသန၊ စီးပွားရေးတွက်ချေ ကိုက်မှု ဆိုင်ရာ သုတေသန လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ဝါသီးနှံသုတေသန နှင့် နည်းပညာဖွံ့ဖြိုးရေးခြံများ တွင် ၂၀၂၀-၂၀၂၁  ခုနှစ် မိုးကြို နှင့် မိုးနှောင်း ရာသီ သုတေသန လုပ်ငန်းများအဖြစ် Gamma Ray နှုန်းထား အမျိုးမျိုး အသုံးပြုပြီး ရေငတ် ဒဏ် ခံနိုင်သော ဝါမျိုးထွန်းသစ်ရရှိရန် မျိုးမွေးမြူခြင်း ၊ ဆား၊ဆပ်ပြာပေါက်မြေတွင် ထုံးကျောက် မှုန့် နှင့် သစ်စိမ်းမြေသြဇာ  တွဲဘက် အသုံးပြု ခြင်းဖြင့် မြေဆီလွှာ၏ ဂုဏ် သတ္တိများ နှင့် ဝါသီးနှံအပေါ် အကျိုးသက်ရောက်မှုအား လေ့လာခြင်း၊ ဝါသီးနှံ စိုက်ပျိုး ထုတ်လုပ်ခြင်း တွင် ဓာတ်မြေသြဇာ နှင့် တွဲဘက်၍ သစ်စိမ်း စိုက်ပျိုးထည့်သွင်းခြင်း၏ အကျိုး သက်ရောက်မှုအား လေ့လာခြင်းကို လည်း ကောင်း၊ နည်းပညာပြန့်ပွားရေးအတွက် ချည်မျှင် ရှည် ဝါ မျိုးကောင်း မျိုးသန့် စိုက်ပျိုး ထုတ်လုပ် ခြင်း ကွင်းသရုပ်ပြပွဲ နှင့် သင်တန်းများအဖြစ် ဝါစိုက်ပျိုး ထုတ်လုပ်မှု အခြေခံ သင်တန်း ၊ မျိုးစေ့ထုတ်လုပ်မှုပညာရပ်ဆိုင်ရာ သင်တန်း၊ မြေဆီလွှာ စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သတင်းရရှိသည်။