သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

အမှုထမ်းများလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းဖွင့်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ အမှုထမ်းများလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း၊ အမှတ်စဉ်(/၂၀၂၁)ဖွင့်ပွဲအခမ်းအနားကို မေလ ၁၀ ရက်နေ့ နံနက် ပိုင်းက နေပြည်တော် ရုံးအမှတ်(၁၆) ၌ ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင် က မြန်မာနိုင်ငံသည်သစ်၊ ဝါး၊ ကျောက်မျက် ရတနာ နှင့် စားသောက်ကုန်အခြေခံဖြစ်သော ကောက်ပဲသီးနှံများ လွန်စွာပေါကြွယ်ဝသည့် နိုင်ငံဖြစ်သည့် အားလျော်စွာ ၎င်းတို့ကို ဈေးကွက်ဝင်  တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်နိုင်ရန်အတွက် ဌာနမှသင်တန်းများဖွင့်လှစ်ပြီး နည်းပညာများဖြန့်ဖြူးပေးခြင်း၊ သင်တန်းတက်ရောက်ပြီး ပြန်လည် လုပ်ငန်းထူထောင်သည့် စီးပွားရေးလုပ်ငန်းငယ်များကိုမှတ်ပုံတင်ပေးခြင်း၊ ထွက်ရှိလာသည့် စားသောက်ကုန် ပစ္စည်းများအားဘေးအန္တရာယ်ကင်းရှင်းမှုရှိ၊ မရှိစစ်ပေးခြင်းတို့ကိုဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဌာနအနေဖြင့် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်နေသောကြောင့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေရန်နှင့် စွမ်းဆောင်ရည်မြင့်မား စေရန်ရည်ရွယ်၍သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊သင်တန်းသားများအနေဖြင့် မိမိတို့ဌာနတိုးတက်ရေးအတွက် အရည်အချင်းရှိသော ဝန်ထမ်းကောင်းများဖြစ်လာစေရန် အထူးအလေး ထားလိုက်နာသင်ယူကြိုးစားသွားကြရန်လိုအပ်ကြောင်းပြောကြားသည်။

ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရန်၊ ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရ ပြည့်ဝသည့် စားသောက်ကုန်များ ထုတ်လုပ်နိုင်စေရန်၊ ပြည်တွင်းထွက် ကုန်ကြမ်းပစ္စည်းများအား အသုံးပြု၍ တန်ဖိုးမြင့်ကုန်ချောများ တိုးတက်ထုတ်လုပ်တင်ပို့ရောင်းချနိုင်ကြစေရန်၊ တစ်ပိုင်တစ်နိုင် လုပ်ငန်းငယ်များ ထူထောင်လုပ်ကိုင်ရာမှ အလတ်စား အကြီးစား လုပ်ငန်းရှင်များ ပေါ်ပေါက်လာ စေရန် တို့ကိုရည်ရွယ်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန က အခမဲ့သင်တန်းများ ခေါ်ယူ၍လည်းကောင်း၊ ဆက်စပ်ဌာနများ၊ အသင်း အဖွဲ့များနှင့်ပူးပေါင်း၍ လည်းကောင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များကိုဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။

ယနေ့ကျင်းပသည့် အမှုထမ်းများ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း တွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အသစ်ခန့်အပ်ခဲ့သော အငယ်တန်းစာရေး နှင့် အလားတူ အဆင့်ဝန်ထမ်း (၂၇)ဦး တို့အား စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးဆိုင်ရာ ဘာသာရပ်များကိုမေလ(၁၀)ရက်နေ့မှ (၁၄)ရက်နေ့အထိ (၅)ရက်ကြာ ပို့ချ ဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။