လယ်ဝေးမြို့နယ် ချောင်းမငယ်ဆည်ရေသောက်ဧရိယာ ရှိ ကျေးရွာများတွင် သီးနှံ မျိုးကောင်းမျိုးသန့်များ ပြောင်းလဲ စိုက်ပျိုးနိုင်ရန် နှင့် သီးနှံသစ်တောရောနှော စိုက်ခင်းများတွင် စိုက်ပျိုးနိုင်ရန် သီးနှံမျိုးစေ့ နှင့် နှစ်ရှည်သီးနှံပျိုးပင်များ ထောက်ပံ့ ပေးအပ်ပွဲကို မေလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက ပန်းညိုစမ်းကျေးရွာ ၌ ကျင်းပ ပြုလုပ်ရာအခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးခင်မောင်ညွန့်၊ ဦးဝင်းဦး နှင့်တာဝန်ရှိသူများ ကျေးရွာ(၇)ရွာ မှ တောင်သူများ တက်ရောက်ကြပြီး နှမ်း(၁၀၀)ဧက၊ စပါး(၁၀၀)ဧက နှင့် မြေပဲ(၂၅)ဧကစာအတွက် မျိုးစေ့များ နှင့် သရက်ပျိုးပင်၊ ပိန္နဲပျိုးပင် နှင့် ဌက်ပျောပျိုးပင်များ ကိုတောင်သူများထံ ပေးအပ်ခဲ့သည်။
နေပြည်တော် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် ချောင်းမငယ်ဆည် ရေရှည် တည်တံ့ခိုင်မြဲရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေသည့် စိုက်ပျိုး ထုတ်လုပ်မှုစနစ်ထွန်းကားလာစေရန် မိမိတို့ဝန်ကြီးဌာန အနေဖြင့် ချောင်းမငယ်ဆည် ပတ်ဝန်းကျင်မှာ သီးနှံသစ်တောရောနှော စိုက်ခင်းများထူထောင်နိုင်ဖို့ ကြိုးစား နေခြင်း ဖြစ်ကြောင်း၊ ဒေသနေတောင်သူများ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးနှင့် ကျေးလက်နေ ပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားလာရေးကို လည်းမျှော်မှန်း ဆောင်ရွက် နေခြင်းဖြစ်ပါကြောင်း စိုက်ပျိုးရေးဦးစီးဌာနစိုက်ပျိုးပညာပေးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးခင်မောင်ညွန့် က ပြောသည်။
ဆည်ရေသောက်ဒေသများတွင် စိုက်ပျိုး ရေကိုအကျိုးရှိထိရောက်စွာ သုံးစွဲ နိုင်စေရေး နှင့် ရေလေလွင့်ဆုံးရှုံးမှုမရှိစေရန် အသိပညာပေးခြင်း၊ ရေသုံးစွဲသူများအဖွဲ့ တိုးချဲ့ဖွဲ့စည်း၍ တောင်သူများကိုယ်တိုင် စိုက်ပျိုးရေသုံးစွဲမှုစီမံခန့်ခွဲနိုင်ရေးကိုစိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက စီမံဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ သီးနှံပုံစံမှန်ကန်စွာ စိုက်ပျိုးနိုင်ရေး ၊ မြေဆီလွှာ ဖွံ့ဖြိုးရေး၊ ဘက်စုံ သီးနှံကာကွယ်ရေးစနစ်များ အသုံးပြုရေး ကိုလည်းဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ စိုက်ပျိုးရေးဦးစီးဌာန က ဆက်စပ် ဌာနများ၊ ဒေသနေတောင်သူများ နှင့် ပူးပေါင်း၍ ရေရှည်ဖွံ့ဖြိုး သည့် စိုက်ပျိုးထုတ်လုပ်မှုစနစ်အကောင်အထည်ဖော်နိုင်ရေးကြိုးပမ်း လျက် ရှိကြောင်း သတင်းရရှိသည်။