မိမိနိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်း ပြယုဂ်တစ်ခုဖြစ်ပြီး လက်မှုအနုပညာထုတ်ကုန်အဖြစ် နိုင်ငံခြားဝင်ငွေရရှိနိုင်သည့် ယွန်းအတတ်ပညာ ပိုမိုတိုးတက်ဖွံ့ဖြိုးရေးကို အလေးဂရုပြုကြိုးပမ်းကြစေလိုကြောင်း ၊ ကိုဗစ်-၁၉ကြောင့် ပိတ်ထားခဲ့ရသည့် မိမိတို့ဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များ ၊ စိုက်ပျိုးရေးသိပ္ပံကျောင်းများ မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်ပြီး ယွန်းပညာကောလိပ်အပါအဝင် ကောလိပ် ၃ခုကိုလည်း ဆက်လက်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်ချက်များ ကြိုတင် ဖြည့်ဆည်းဆောင်ရွက်ကြစေလိုကြောင်း မေလ(၉)ရက်နေ့ နံနက်က ယွန်းပညာကောလိပ်(ပုဂံ)သို့ ရောက်ရှိစဉ် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။
ယွန်းပညာကောလိပ်(ပုဂံ) တွင် ပထမနှစ် (ဒီပလိုမာသင်တန်းသား) (၁၄၀)ဦး၊ ဒုတိယနှစ်(ဒီပလိုမာသင်တန်းသား) (၉၇)ဦး နှင့် အထက်တန်းယွန်းပညာ သင်တန်း (ဒုတိယနှစ်) (၇)ဦး၊ စုစုပေါင်း(၂၄၄)ဦး ရှိကြောင်း ၊ ယွန်းပညာကောလိပ်တွင် ဒီပလိုမာသင်တန်းများအပြင် ကာလတိုသင်တန်းများဖြစ်သည့် ဝါးတာရှည်ခံသင်တန်း၊ ဝါးလက်မှုအနုထည်သင်တန်း၊ အနက်ထည်ယွန်းပညာသင်တန်း၊ ရွှေဇဝါယွန်းပညာ သင်တန်း၊ ကညစ်ယွန်းပညာသင်တန်း၊ သားရိုးပန်းကြွ ယွန်းနည်းပညာသင်တန်း၊ ရွှေပြားခတ်နည်းပညာသင်တန်း အပြင် ဂျပန်ယွန်းထည်နည်းပညာဆင့်ပွားသင်တန်းများလည်း ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိကြောင်း ၊ နိုင်ငံခြားယွန်းတက္ကသိုလ်များဖြစ်သည့် ဂျပန်၊ အီတလီနှင့် ထိုင်း ယွန်းပညာတက္ကသိုလ်များနှင့်လည်း နည်းပညာပူးပေါင်းဖလှယ်မှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် တောင်ကင်းကျေးလက်ဒေသရေပေးရေး နတ်သမီးကမ်းပါး မြစ်ရေတင်စီမံကိန်းသို့ ရောက်ရှိရာ မန္တလေးတိုင်းဦးစီးမှူး က ယင်းမြစ်ရေတင်စီမံကိန်း၏ သမိုင်းကြောင်းနှင့် လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဆွေးနွေးမှာကြားရာ၌ နတ်သမီးကမ်းပါးမြစ်ရေတင်စနစ်တွင် စနစ်နှစ်မျိုးဖြင့် ဆောင်ရွက်လျက်ရှိသဖြင့် အသုံးပြုသည့် ပန့်များ၊ မော်တာများ၊ လေမှုတ်စက်များ ကြံ့ခိုင်ရေး ပုံမှန်ပြုလုပ်ရန်လိုကြောင်း ၊ တောင်ကင်းနှင့် စက်စက်ယို ရေပေးလမ်းကြောင်း နှစ်ကြောင်းဖြင့် လူသိန်းချီထောက်ပံ့ပေးနေသည့် မြစ်ရေတင်စနစ်ကြီးဖြစ်သဖြင့် စက်များ၏ ကြံ့ခိုင်ရေးကို ပုံမှန်ပြုလုပ်ရန် နှင့် ပန့်များ၊ မော်တာများ အရံထားရှိရန်လိုကြောင်း၊ လက်ရှိတွင် လျှပ်စစ်မြစ်ရေတင်စနစ်ဖြစ်၍ ရေသုံးစွဲသူများထံမှ ရေမီတာခကောက်ခံနေသော်လည်း၊ ဆယ်ချိုးတစ်ချိုးခန့်သာ ကောက်ခံရရှိခြင်းဖြစ်ပြီး နိုင်ငံတော်မှ များစွာစိုက်ထုတ်ကျခံနေကြောင်း၊ ရေရှည်အတွက် လျှပ်စစ်ဓာတ်အားခ သက်သာရန် ဆိုလာစနစ်သို့ တဖြည်းဖြည်း ပြောင်းသွားရမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။
နတ်သမီးကမ်းပါး မြစ်ရေတင်စီမံကိန်း သည် ပုဂံဒေသရှိ ကျေးရွာ (၁၀၅)ရွာသို့ နေ့စဉ် ရေပေးဝေလျက်ရှိရာ မိသားစု(၂၂၉၉၄)ခုရှိ လူဦးရေ (၁၁၅၂၄၄)ဦး ကို အကျိုးပြုလျက်ရှိကြောင်း သိရသည်။
နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညောင်ဦးမြို့နယ် တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းကြက်မွေးမြူရေး သုတေသနနှင့် မျိုးထိန်းမျိုးပွားခြံ သို့ရောက်ရှိကြရာ တာဝန်ရှိသူများ က တိုင်းရင်းကြက်မျိုးများမွေးမြူထားရှိမှုနှင့် ဆောင်ရွက်ဆဲ သုတေသန လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး က သုတေသနဖွံံ့ဖြိုးရေး နှင့် မျိုးထိန်းမျိုးပွားလုပ်ငန်းဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။
တိုင်းရင်းကြက်မွေးမြူရေး သုတေသနနှင့် မျိုးထိန်းမျိုးပွားခြံတွင် စစ်တကောင်းကြက်၊ အင်ပင်ဝကြက်နှင့် လည်ပြောက်ကြက် (၁၆၀၀)ကျော် မွေးမြူထားရှိပြီး၊ ဒေသခံများ၏လိုအပ်ချက်အရ ကြက်ပေါက်(၆၆,၀၀၀)ခန့် ဖြန့်ဝေပြီးဖြစ်ကြောင်း၊ တိုင်းရင်း ကြက်များမှာ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိခြင်း၊ မျက်လုံးကြည်လင်တောက်ပခြင်း၊ အမွှေးအရောင်စိုခြင်းနှင့် ကြီးထွားနှုန်းကောင်းမွန်ခြင်း၊ အသားမာပြီး အရသာကောင်းမွန်ခြင်းတို့ကြောင့် ဒေသနေ မွေးမြူရေးတောင်သူများ စိတ်ကြိုက်ကြက်မျိုးများဖြစ်၍ ယင်းတို့၏ လိုအပ်ချက်ရှိနေသည့် ကြက်သားပေါက်များ ဖူလုံစွာထုတ်လုပ်ပေးနိုင်ရေးကြိုးပမ်းလျက်ရှိကြောင်းသိရသည်။