ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ် ၊ ကောလိပ် နှင့် သိပ္ပံကျောင်းများပြန်လည်ဖွင့်လှစ်မည်

ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါ Covid-19 ကြောင့် ပညာသင်ယူဆဲ ကျောင်းသားကျောင်းသူများ မိဘများ အတွက် စာသင်နှစ် တစ်နှစ် ဆုံးရှုံးနစ်နာခဲ့ရသကဲ့သို့ လူသားအရင်းအမြစ်ဖွံ့ဖြိုးမှုကိုပါထိခိုက်ခဲ့ခြင်းဖြစ်၍ နိုင်ငံတော်အတွက်လည်း နစ်နာခဲ့ရပါကြောင်း၊ ဆင်းရဲချမ်းသာ ကွာဟချက်၊ ပညာသင်ယူနိုင်ခွင့် ကွာဟချက်များ သည် နိုင်ငံဖွံ့ဖြိုးရေးအပေါ် တိုက်ရိုက် သက်ရောက်နေသည်ကို အထူးသတိပြုကြရမှာဖြစ်ကြောင်း၊ နိုင်ငံတော် က ပညာရေးကဏ္ဍတွင် အလေးထား ရင်းနှီးမြုပ်နှံပေးနေမှုအပေါ် ဆရာ ဆရာမများ အနေဖြင့် ကျောင်းသား ကျောင်းသူများကို ပညာသင်ကြားပေးရမည့် တာဝန်ရှိနိုင်ငံဝန်ထမ်းများဖြစ်ကြသည်နှင့်အညီ နည်းပညာ အတတ်ပညာသာမက အသိပညာမြင့်မားရေးနှင့် မိမိတို့ ဓလေ့ထုံးတမ်း ယဉ်ကျေးမှုများနှင့်အညီ စည်းကမ်းပြည့်ဝသော နိုင်ငံကြီးသားများအဖြစ် သင်ကြား လေ့ကျင့်မွေးထုတ်ပေးကြစေလိုကြောင်း မေလ ၇ ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ ၌ ကျင်းပပြုလုပ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ်များ သင်တန်းကျောင်းများ ၏ သင်ကြားရေး၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ၊ သမဝါယမတက္ကသိုလ်(သန်လျင် နှင့် စစ်ကိုင်း)၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် နှင့် စိုက်ပျိုးရေးတက္ကသိုလ် တို့မှ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ကောလိပ် နှင့် သိပ္ပံကျောင်းများ ၏ စီမံခန့်ခွဲရေးတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ညွှန်ကြားချက်များနှင့်အညီ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ်ကောလိပ် နှင့် သိပ္ပံကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ထားမှုများ၊ လုံခြုံရေးအစီအမံများ၊ သင်ကြားရေး သင်ယူရေး သုတေသန နှင့် တောင်သူပညာပေး လုပ်ငန်းများ အချိုးညီ ထည့်သွင်း ဆောင်ရွက်ရေးဆိုင်ရာများ၊ ဘာသာရပ်အလိုက် သက်ဆိုင်ရာ ပြည်တွင်း ပြည်ပ တက္ကသိုလ်များနှင့် ချိတ်ဆက် ဆောင်ရွက်ရေးဆိုင်ရာများ၊ ကျောင်းဆင်း လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးဖော်ဆောင်ရန် ကုမ္ပဏီများ၊ အဖွဲ့အစည်းများ နှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရန် ကိစ္စရပ်များ၊ Covid-19 ကြောင့် စာမေးပွဲဖြေဆိုဆဲတွင် ရပ်နားခဲ့ရသည့် ကျန်ရှိဘာသာရပ်များ ဆက်လက်ဖြေဆိုနိုင်ရေး အစီအစဉ်များ၊ Covid-19 ကာကွယ်တားဆီးရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန် စာသင်ဆောင် ၊ အိပ်ဆောင် ၊ စာရိပ်သာများ နှင့် ဆရာ ဆရာမ ၊ ဝန်ထမ်းအင်အား၊ ကျောင်းသားကျောင်းသူဦးရေ အခြေအနေများ၊ ကျောင်းသားကျောင်းသူများ၏ ကျန်းမာ ကြံ့ခိုင်ရေးအတွက် အားကစားကဏ္ဍမြှင့်တင်ပေးရေး၊ စာကြည့်တိုက်များ အဆင့်မြှင့်တင်ရေး ၊ သက်ဆိုင်ရာပရဝဏ်များအတွင်း ဝိုင်ဖိုင်သုံးစွဲနိုင်ရေး နှင့် တက္ကသိုလ်ကျောင်းသားကျောင်းသူများအချင်းချင်း ကွန်ယက် ချိတ်ဆက် အသုံးပြု နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြသည်။

Covid-19 ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါဖြစ်ပွား မှုအခြေအနေအရ ပိတ်သိမ်းခဲ့ရသည့် စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ်များ၊ ကောလပ်များနှင့် သင်တန်းကျောင်းများကို ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ရာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်များ ၏ နောက်ဆုံးနှစ် သင်တန်းများကို ၂၀၂၁ခုနှစ် မေလ (၂၄)ရက်နေ့တွင်လည်းကောင်း၊ ဘွဲ့လွန်သင်တန်းများကို ၂၀၂၁ခုနှစ် ဇွန်လ (၁)ရက်နေ့တွင်လည်းကောင်း ၊ သမဝါယမတက္ကသိုလ် (သန်လျင်)နှင့် သမဝါယမ တက္ကသိုလ်(စစ်ကိုင်း) များ ၏ နောက်ဆုံးနှစ် သင်တန်းများ နှင့် ဘွဲ့လွန်သင်တန်းများ၊ နှင့် စိုက်ပျိုးရေးသိပ္ပံကျောင်း(၁၄)ကျောင်း ၏ နောက်ဆုံးနှစ် သင်တန်းများကို ၂၀၂၁ခုနှစ် ဇွန်လ (၁)ရက်နေ့တွင် လည်းကောင်း ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ၊ ကောလိပ်ကျောင်း များဆက်လက် ဖွင့်လှစ်နိုင်ရေး ကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း တင်းရရှိသည်။