သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့်တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေရန် ရည်ရွယ်၍ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက အသက်မွေးဝမ်းကျောင်းပညာရပ်များကို ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် “Training Course On Food Processing” စီမံကိန်း၏ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ်(၂၇)သင်တန်း ဖွင့်ပွဲကို မေလ ၂ ရက်နေ့ နံနက် နံနက်ပိုင်းက နေပြည်တော် ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးချုပ် အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းတွင် ကိတ်နှင့်ကွတ်ကီးအမျိုးမျိုးပြုလုပ်ခြင်း၊ ရေခဲချောင်း၊ ရေခဲမုန့်နှင့် Milkshake အမျိုးမျိုးပြုလုပ်ခြင်း၊ သစ်သီးယို အမျိုးမျိုးပြုလုပ်ခြင်း၊ သစ်သီးဖျော်ရည်အမျိုးမျိုးပြုလုပ်ခြင်း၊ သစ်သီးဝိုင်များပြုလုပ်ခြင်း၊ တာရှည်ခံသစ်သီးနှင့် သီးနှံခြောက်အမျိုးမျိုးပြုလုပ်ခြင်း၊ သစ်သီးဆော့စ် များပြုလုပ်ခြင်းများနှင့် အစားအစာ ဘေးကင်းလုံခြုံရေးဆိုင်ရာ ဘာသာရပ်များကို အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနရှိ သင်တန်းနည်းပြများက မေလ ၃ ရက်မှ မေလ ၉ ရက် အထိ စာတွေ့ လက်တွေ့ အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်သည်။
မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် “Training Course On Food Processing” စီမံကိန်း၏ စားသောက်ကုန်နှင့် လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းများကို ဖွင့်လှစ် ပို့ချပေးလျက်ရှိရာ ယနေ့ဖွင့်လှစ်သည့် (၂၇)ကြိမ်မြောက်သင်တန်းတွင် သင်တန်းသား သင်တန်းသူ (၁၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း(၅၇၅)ဦးကို စားသောက်ကုန်နှင့် လူသုံးကုန် ထုတ်လုပ်မှုနည်းပညာများ စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးနိုင်ခဲ့ပြီး တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းငယ်များ လုပ်ကိုင်လာ နိုင်ကြသည့်အတွက် အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးနိုင်လျက်ရှိကြောင်း သိရသည်။