နယ်သတင်းများ သတင်းကဏ္ဍ

ချောင်းမငယ်ဆည်ဝန်းကျင် သီးနှံသစ်တော ရောနှောစိုက်ခင်း ဧရိယာတွင်ပါဝင်သည့် တောင်သူများအတွက် နည်းပညာပေးသင်တန်းများ စတင်ဆောင်ရွက်

ချောင်းမငယ် ရေလှောင်တမံ ရေရှည်တည်တံ့ခိုင်မြဲရေး ၊ သဘာဝပတ်ဝန်းကျင် နှင့် လိုက်လျောညီထွေသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ထွန်းကားလာစေရန် ၊ သစ်တော  သစ်ပင်များ စိမ်းလန်း ဝေဆာသည့် ခရီးသွားဝန်းကျင်သစ်တစ်ခုဖြစ်ပေါ်လာစေရန် တို့အတွက် နေပြည်တော် လယ်ဝေးမြို့နယ် မှ ၁၂ မိုင်ခန့်အကွာတွင် တည်ရှိသည့် ချောင်းမငယ် ရေလှောင်တမံ ဧရိယာတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန နှင့် ပူးပေါင်း၍ သီးနှံသစ်တော ရောနှော စိုက်ခင်းများထူထောင်ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါ ဒေသနေ တောင်သူလယ်သမားများအား စိုက်နည်းစနစ်အလေ့အကျင့်ကောင်းများ နှင့် ရာသီအလိုက် ဆောင်ရွက်သွားမည့် အစီအစဉ်များ ရှင်းလင်းဆွေးနွေးပွဲ ကို မေလ ၄ ရက်နေ့ နံနက်ပိုင်းက မဒေါ့ပင်ကျေးရွာ စိုက်ပျိုးရေးအသိပညာပေးစင်တာ ၌ ကျင်းပပြုလုပ်သည်။


ဆွေးနွေးပွဲတွင် နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန် နှင့် တာဝန်ရှိသူများက အချိန်ကာလအလိုက် ဆောင်ရွက်မည့် တောင်သူပညာပေး စိုက်ကွက်  နေရာကို တောင်သူများစိတ်ကြိုက်နေရာ ရွေးချယ် သတ်မှတ်ရေး၊ သတ်မှတ် ထားသည့် သီးနှံအမျိုးအစားများ မှ မိမိနှစ်သက်ရာ ရွေးချယ်စိုက်ပျိုးရေး၊ မျိုးစေ့ ပျိုးပင်များ အသုံးပြုနိုင်ရေး၊ ရာသီအလိုက် စိုက်ပျိုးမည့် အစီအစဉ်များ နှင့် ရာသီအလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ ကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ချောင်းမငယ် ရေလှောင်တမံ နှင့် ရုံးပင်သစ်တောကြိုးဝိုင်းဧရိယာဝန်းကျင်တွင် သီးနှံ သစ်တော ရောနှောစိုက်ခင်းထူထောင်သွားမည်ဖြစ်ရာ အဆိုပါဒေသရှိ ကျေးရွာများ မှ တောင်သူများ အား စိုက်ပျိုးနည်းပညာ သင်တန်း(၅)ကြိမ် နှင့် ဆွေးနွေးပွဲ (၅)ကြိမ် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် ပထမအကြိမ် သင်တန်းနှင့် ဆွေးနွေးပွဲတွင် သက်ဆိုင်ရာ ပညာရှင်များ က ပို့ချဆွေးနွေးကြမည်ဖြစ်ကြောင်း၊ နှစ်ရှည်ပင်သီးနှံများအဖြစ် ကော်ဖီ၊ ငှက်ပျော၊ သရက်၊ ပိန္နဲများထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်သော မျိုးစေ့ ပျိုးပင် နှင့် နည်းပညာများ ကို   သက်ဆိုင်ရာဌာနများက အနီးကပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါစီမံကိန်းတွင် ချောင်းမငယ်ရေလှောင်တမံ ဧရိယာရှိ ကျေးလက်နေ ပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားရေး ၊ ဒေသနေ တောင်သူလယ်သမားများ၏ စိုက်ပျိုး ထုတ်လုပ်မှု လုပ်ငန်းများ တွင် ခေတ်မီနည်းပညာများအသုံးပြုနိုင်ရေး၊ လယ်ယာ သုံးစက်ကိရိယာများ အသုံးပြုမှု ပိုမိုဖွံ့ဖြိုးလာရေး ၊ ကျေးရွာကုန်ထုတ်လုပ်ငန်းများ ဖောက်လုပ်ရေးနှင့် လျှပ်စစ်မီးရရှိရေး လုပ်ငန်းများ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆည်၏ အထက်ဘက် ရေအဝင်လမ်းတလျောက်ရှိ ပေပင်ကျေးရွာနှင့် သရက်ချောင်းကျေးရွာများတွင် မြေဆီလွှာပြုန်းတီးမှုသက်သာစေရန် နှစ်ရှည်ပင်များ စိုက်ပျိုးထူထောင်ပေးခြင်း၊ စနစ်တကျစိုက်ပျိုးသော အလေ့အကျင့်ကောင်းများ ပညာပေးခြင်းကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။