ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် လယ်ယာကဏ္ဍဆိုင်ရာ မူဝါဒများနှင့်အညီ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီးဌာန နှင့် သက်ဆိုင်ရာ ဒေသအာဏာပိုင်များအကြား ပေါင်းစပ်ဆောင်ရွက်မှုအားကောင်းစွာ အကောင်အထည် ဖော်နိုင်ရေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က အလေးထား ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်း လယ်ယာသားငါးထုတ်လုပ်မှုတိုးတက်ရေးနှင့် ဒေသ ဖွံ့ဖြိုးမှု တိုးမြှင့်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ(၁)ရက်နေ့နံနက်ပိုင်း က မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးမောင်ကို နှင့် ကောင်စီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ ဒုတိယညွှန်ကြားရေးမှူးချုပ်များ တိုင်းဒေသကြီးအဆင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေး၊ ကျေးလက်ဒေသလမ်းတံတားများ တိုးတက်ကောင်းမွန်ရေးနှင့် သောက်သုံးရေဖြန့်ဝေရေး၊ ကျေးလက်မီးလင်းရေးဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေးသိပ္ပံကျောင်းများ တွင် တိုးချဲ့ဆောင်ရွက်သွားမည့် မွေးမြူရေး ဒီပလိုမာ သင်တန်းများဖွင့်လှစ်နိုင်ရေး ပဏာမအစီအစဉ်တွင် ပါဝင်သည့် ပုသိမ်ကြီး စိုက်ပျိုးရေး သိပ္ပံကျောင်း မွမ်းမံပြင်ဆင်ရေး နှင့် သင်တန်းစတင်ဖွင့်လှစ်နိုင်ရေး အကြိုပြင်ဆင်မှု လုပ်ငန်းများ၊ လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်လျှောက်ထားမှုနှင့် ပတ်သက်၍ ဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ ကြသည်။

နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး သရက်ကုန်းငါးလုပ်ငန်း ငါးသားဖေါက်စခန်းသို့ ရောက်ရှိကြပြီး ငါးသားဖေါက်လုပ်ငန်း ဆောင်ရွက်နေမှုများ၊ သင်တန်းခန်းမ နှင့် သုတေသနလုပ်ငန်းများ ဓါတ်ခွဲခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ က ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး က မှာကြားရာ၌ ပြည်သူများ သား ငါး အာဟာရ ဖူလုံပြည့်ဝစွာ စားသုံးနိုင်ရေး ၊ ငါးသယံဇာတများ ရေရှည်တည်တံ့ရေး တို့အတွက် မြစ်ချောင်း၊ အင်းအိုင်များ ဆည်ကန်များအတွင်း ငါးမျိုးများစိုက်ထည့်ရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ၏ လမ်းညွှန်ချက်ဖြင့် ယခင် ၁ လက်မ အရွယ် ငါးသားပေါက်များအစား ၂လက်မ အရွယ် ငါးသားပေါက်များဖြင့် အစားထိုး အသုံးပြု လျက်ရှိကြောင်း နှင့် ယခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း ၂လက်မအရွယ် ငါးသား ပေါက် ကောင်ရေ(၂၄၀)သိန်း အချိန်မီထည့်သွင်းမွေးမြူနိုင်အောင် ထုတ်လုပ် ဖြန့်ဖြူးရန် လိုအပ်ချက်များနှင့်ပတ်သက်၍ ဆွေးနွေးမှာကြားသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် ပုသိမ်ကြီး စိုက်ပျိုးရေး သိပ္ပံကျောင်း သို့ ရောက်ရှိကြရာ ကျောင်းအုပ်ကြီး နှင့် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့မှ စိုက်ပျိုးရေးသိပ္ပံကျောင်း ယခုနှစ်ပြန်လည် ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့် စိုက်ပျိုးရေးပညာရပ်အပြင် မွေးမြူရေး ဒီပလိုမာ ဘာသာရပ်များကိုပါ တွဲဖက်သင်ကြားရန်ပြင်ဆင်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
စိုက်ပျိုးရေးသိပ္ပံကျောင်း ရှိ ပညာရပ်ဆိုင်ရာနည်းပြများ အုပ်ချုပ်မှုဆိုင်ရာ ဝန်ထမ်းများ နှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီး က လက်ရှိဖြစ်ပေါ်ပြောင်းလဲနေသည့် နိုင်ငံရေးအခြေအနေအပေါ် တာဝန်သိဝန်ထမ်းများအဖြစ် တာဝန်ကျေပြွန်စွာ ဆောင်ရွက် ကြပြီး ထူးချွန်သည့် စိုက်ပျိုးမွေးမြူရေးပညာရှင်များ စဉ်ဆက်မပြတ် မွေးထုတ်ပေး ရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ပုသိမ်ကြီးစိုက်ပျိုးရေးသိပ္ပံသည် စိုက်ပျိုးရေးပညာရပ်များဖြင့် တောင်သူ လယ်သမားများ အား ခေတ်မီစိုက်ပျိုးနည်းပညာများ ပြန်လည်ဆင့်ပွားပညာ ပေးလျက်ရှိပြီး စိုက်ပျိုးသီးနှံများ တိုးတက်ထုတ်လုပ်ခြင်းဖြင့် တောင်သူဝင်ငွေ တိုးတက်ရန်နှင့် လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အလယ်အလတ်အဆင့် စိုက်ပျိုးရေးအတတ်ပညာရှင်များ နှင့် ကျွမ်းကျင်သူများ မွေးထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ရွှေလှံဗိုလ်လျှပ်စစ်မြစ်ရေတင်စခန်းသို့ ရောက်ရှိရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဒုဌဝတီမြစ်မှ မြစ်ရေတင်ဆောင်ရွက်နေမှုနှင့် ရေပေးမြောင်းတလျှောက် ရေပေးနေမှုများကို ရှင်းလင်းတင်ပြ၍ လိုက်လံပြသသည်။ ဒုတိယဝန်ကြီးမှ မြစ်ရေတင်စီမံကိန်းများသည် တောင်သူများ၏ အကျိုးစီးပွားအတွက် နိုင်ငံတော်မှ ငွေကြေးအမြောက်အများ အကုန်အကျခံကာ ဆောင်ရွက်နေခြင်းဖြစ်သဖြင့် တောင်သူလယ်သမားများအား ရေကို အလေအလွင့်မရှိဘဲ စနစ်တကျသုံးစွဲရေး ရေအသုံးချသူများအဖွဲ့ (WUG) ဖွဲ့စည်း၍ ပညာပေးဆောင်ရွက်ကြရန်မှာကြားသည်။
ရွှေလှံဗိုလ်မြစ်ရေတင်စီမံကိန်းသည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် မီးသွေးဘုတ်ကျေးရွာအနီးတွင် တည်ရှိ၍ ဒုဌဝတီမြစ်မှ ရေပေါ်ရေတင်စနစ် (Pontoon Type) မြင့်တင်ပြီး စပါးနှင့်သီးနှံမျိုးစုံ စိုက်ဧက (၃၀၀၀) ကို ရေပေးဝေလျက်ရှိကြောင်းသိရှိရသည်။
နေ့လည်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ရှိ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ သို့ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီး က ကျောင်း၏ သမိုင်းကြောင်းနှင့် လက်ရှိသင်တန်းဖွင့်လှစ် ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြပြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ဒုတိယဝန်ကြီးမှ ဆောင်းဒါးရက်ကန်းသင်တန်း ကျောင်းကြီးသည် နှစ်(၁၀၀)ကျော် ရှိပြီဖြစ်သည့် သမိုင်းဝင်သင်တန်းကျောင်းကြီးဖြစ်သည့်အပြင် မြန်မာ့ရိုးရာရက်ကန်း ပညာ၊ ရွှေချည်ထိုးအတတ်ပညာအပါအဝင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်း ပေးသည့် သင်တန်းကျောင်းကြီးဖြစ်သဖြင့် အလွန်အရေးကြီးကြောင်း ဤကျောင်းကြီး တွင် တာဝန်ထမ်းဆောင်ခွင့်ရသဖြင့် နည်းပြဆရာ၊ ဆရာမများရော ဝန်ထမ်းများပါ ဂုဏ်ယူစွာဖြင့် လက်မှုပညာ ဖြန့်ဝေပေးကြစေလိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။
ဆောင်းဒါးရက်ကန်းသင်တန်းကျောင်းကို ၁၉၁၄ခုနှစ်တွင် အထက်မြန်မာပြည် တရားရေးမင်းကြီး Ms.L.H.SAUNDERS က အင်္ဂလန်နိုင်ငံမှ လွန်းပျံလက်ခတ် ယူဆောင်ကာ၊ မြန်မာ့ရိုးရာ လက်ရက်ကန်းစင်ပေါ်တင်၍ အမရပူရမြို့နယ်ရှိ ရက်ကန်းလုပ်ငန်းရှင်များအား ရက်ခတ်ပြသပေးခဲ့ခြင်းမှစ၍ ရက်ကန်းသင်တန်း ကျောင်းကြီး ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သဖြင့် ဆောင်းဒါးသင်တန်းကျောင်းဟု ခေါ်ဆို ခဲ့ခြင်း ဖြစ်သည်။ ဤရက်ကန်းသင်တန်းကျောင်းမှ ချည်မျှင်နှင့် အထည်အလိပ် အတတ်ပညာဒီပလိုမာ (၁)နှစ်သင်တန်း၊ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ (၁)နှစ်သင်တန်း၊ လက်ရက်ကန်း(၆)လသင်တန်း၊ ရိုးရာလွန်းရာကျော်ချိတ်(၆)လ သင်တန်း နှင့် ရွှေချည်ထိုး၊ ငွေချည်ထိုး(၃)လ သင်တန်းအပါအဝင်၊ သင်တန်း(၅)မျိုး ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ သင်တန်း(၅)မျိုးအတွက် တစ်နှစ်လျှင် သင်တန်းသား (၁၀၀)ဦး လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး သင်တန်းသားများအား တစ်လလျှင် ပညာသင်ထောက်ပံ့ကြေး (၃၀၀၀၀)ကျပ် ထောက်ပံ့ပေးလျက်ရှိသည်။
အထက်ပါသင်တန်းများအပြင် ကာလတိုရက်ကန်းလုပ်ငန်းဆိုင်ရာ သင်တန်းများ ဖြစ်သည့် စက်ရက်ကန်း၊ စက်မောင်း၊ စက်ပြင် (၂)လသင်တန်း တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်(၁)လသင်တန်း၊ လက်ရက်ကန်းဖဲနှစ်ကောက် (၁)လသင်တန်း၊ အထည်ပုံရိုက်နှင့် ဆေးရေးပန်ချီ (၂)ပတ်သင်တန်း၊ သဘာဝဆေးဆိုး (၁၀)ရက်သင်တန်း၊ စာစည်းကြိုး ရက်လုပ်နည်း(၂)ပတ်သင်တန်းနှင့် စက်ချုပ်နည်းပညာ(၁)လ သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိကြောင်းသိရသည်။