ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မိတ္ထီလာမြို့ရေပေးဝေရေးစီမံကိန်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်


မိမိတို့နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်ပြီး စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်နေကြရသူများဖြစ်သဖြင့် ၎င်းလုပ်ငန်းများကို တိုးတက်အောင်ဆောင်ရွက်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက် နှင့်အညီ ဒေသအသီးသီး၏ မတူကွဲပြားသော သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာ လုပ်ကိုင်နိုင်ရန် နှင့် ကာလတိုအတွင်း သိသာထင်ရှားသော ပြောင်းလဲတိုးတက်မှု ဖော်ဆောင်နိုင်ရန် မိမိတို့ အားလုံး က တက်ညီလက်ညီကြိုးပမ်းအားထုတ်သွားကြရန် လိုအပ်ကြောင်း ဧပြီလ (၃၀)ရက်နေ့ နံနက်ပိုင်းက တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာ ရှိ မြေအောက်ရေဖြင့် စိုက်ပျိုးရေပေးဝေခြင်းလုပ်ငန်းအားကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။
ရှောက်ကုန်းကျေးရွာတွင် မြေအောက်ရေဖြင့် မိုးစပါး၊ ပဲတီစိမ်း နှင့် ဆောင်းနေကြာ သီးနှံ စိုက်ပျိုးမြေဧက(၉၀၀)ခန့် ကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း၊ အနက်ပေ(၂၀၀)ခန့် (၁၀)လက်မ အချင်းရှိတွင်းများ မှ တစ်နာရီ ရေဂါလံ (၂၀၀၀၀)ခန့် ပေးဝေလျက်ရှိကာ မြေအောက်ရေများ အသုံးပြုနိုင်ရေး နှင့် လျှပ်စစ်မီးရရှိရေးကို နိုင်ငံတော် က ဆောင်ရွက်ပေးပြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန က ရေစုပ်စက်အပါအဝင် စက်များ ထိန်းသိမ်းခြင်း အပိုင်းကို တာဝန်ယူ ဆောင်ရွက်ပေးကာ ရေသုံးစွဲမှုအပေါ် မူတည်၍ လျှပ်စစ်ဓာတ်အားခကို ရေအသုံးစွဲသူတောင်သူများ က ကျခံ အသုံးပြုနေခြင်းဖြစ်သည်။


ဒုတိယဝန်ကြီး ဦးဆောင်သောအဖွဲ့သည် မိတ္ထီလာမြို့နယ် ကန်တောင်ကျေးရွာ တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း VDP စီမံကိန်းတွင်ပါဝင်သည့် ကွန်ကရိ လမ်းခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် က စီမံကိန်း လုပ်ငန်း ဆိုင်ရာများ ကို ရှင်းလင်းတင်ပြသည်။
အဆိုပါ ကွန်ကရိလမ်းသည် အကျယ် (၁၂)ပေ၊ ထု(၆)လက်မ၊ အရှည်ပေ (၁၀၀၀) ရှိသည်။

ဆက်လက်၍ ကျေးရွာသောက်သုံးရေရှိရေး၊ စိုက်ပျိုးရေရှိရေး အလယ်တန်း ကျောင်းဆောင် တိုးမြင့်ဆောင်ရွက်ရေး၊ ကျေးရွာချင်းဆက်လမ်း အဆင့်မြင့်တင်ရေး၊ စာကြည့်တိုက်နှင့် ကျေးလက်ဆေးပေးခန်း အဆင့်မြင့်တင်ရေးတို့ကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် JICA ချေးငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန နှင့် JV of Modern World and Sanli ကုမ္ပဏီတို့ စာချုပ် ချုပ်ဆိုဆောင်ရွက်လျက်ရှိသော မိတ္ထီလာမြို့ရေပေးဝေရေးလုပ်ငန်းခွင်သို့ ရောက်ရှိကြပြီး ဒုတိယဝန်ကြီး က လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် သန့်ရှင်းသော သောက်သုံးရေ အမြန်ဖြန့်ဝေနိုင်ရေး ဆွေးနွေးမှာကြားခဲ့သည်။


မေလကုန်တွင် လုပ်ငန်းပြီးစီးရန်ဆောင်ရွက်လျက်ရှိသည့် အဆိုပါစီမံကိန်းသည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မိတ္ထီလာမြို့ရှိ ရပ်ကွက် (၁၃)ရပ်ကွက်နေ ပြည်သူ (၁၂၄၃၈၄) ဦး အတွက် နေ့စဉ်သောက်သုံးရေဂါလံ (၆၉၀၀၀၀)ကို ဖြန့်ဝေပေး နိုင်မည် ဖြစ်သည်။

ဆက်လက်၍ မိတ္ထီလာမြို့ သဖန်းရွာ ဆိတ်မွေးမြူရေးခြံသို့ရောက်ရှိပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန က တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဝေသာလီ၊ ဘိုအာ (BOER)၊ ထိန်စမ်းနှင့် ဂျိတ်နီ ဆိတ်မျိုးများအား မျိုးထိန်းမွေးမြူနေမှုများကိုလည်းကောင်း၊ ဒေသတွင်း မွေးမြူရေးတောင်သူများအား လေ့ကျင့်ပညာပေးနေမှု အခြေအနေများ ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီး က ဒေသခံများသို့ ဆိတ်မွေးမြူရေး နည်းစနစ်များ လေ့ကျင့်ပညာပေးရေး၊ ဆိတ်မျိုးကောင်း မျိုးသန့်များ ဖြန့်ဖြူးပေးရေးနှင့် စနစ်တကျ စားကျက်စိုက်ပျိုးရေး၊ ခြံရှိမြေဧရိယာအတွင်း ဆိတ်စာနှင့် မြက်မျိုးများ တိုးချဲ့စိုက်ပျိုးရေးတို့ကို ဆွေးနွေးမှာကြားခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝမ်းတွင်းမြို့နယ်၊ ကျောက်ပုံကုန်း ကျေးရွာ ကင်းတားရေလွှဲဆည် နှင့် မိတ္ထီလာလွင်ပြင် လျှပ်စစ်မြစ်ရေတင်စီမံကိန်း သို့ရောက်ရှိ စစ်ဆေးကြည့်ရှုကြသည်။ အဆိုပါ စီမံကိန်းသည် တည်ဆောက်ဆဲကာလ အတွင်း ကင်းတားလက်ဝဲမြောင်းမကြီးမှ ယာယီအစီအစဉ်ဖြင့် ရေစုပ်တင်၍ (၂၀၀၇-၂၀၀၈) မိုးသီးနှံမှ စတင်ရေပေးဝေခဲ့ပြီး (၂၀၁၇-၂၀၁၈)တွင် မိုးသီးနှံ (၂၇၀၀) ဧက၊ (၂၀၁၈-၂၀၁၉)တွင် မိုးသီးနှံ (၂၀၆၇) ဧကနှင့် (၂၀၁၉-၂၀၂၀)တွင် မိုးသီးနှံ (၂၄၉၃) ဧက ရေပေးဝေနိုင်ခဲ့ပြီး ဝမ်းတွင်းမြို့နယ်၊ မြစ်သားမြို့နယ် နှင့် မိုင်းမောဒေသများအတွက် စုစုပေါင်း သီးနှံမျိုးစုံစိုက်ဧက (၃၂၀၀) ဧကအား စိုက်ပျိုးရေပေးဝေနိုင်မည် ဖြစ်ကြောင်း သိရသည်။


၎င်းနောက် မိတ္ထီလာလွင်ပြင် စိမ်းလန်းစိုပြေရေးစီမံကိန်း ဆောင်ရွက်နေမှုများ အား တည်ဆောင်ရေး(၇) ညွှန်ကြားရေးမှူးမှ ရှင်းလင်းတင်ပြပြီး ကင်းတားရေလွှဲဆည်အား ကြည့်ရှုစစ်ဆေးသည်။ မိတ္ထီလာလွင်ပြင် စိမ်းလန်းစိုပြေရေး အတွက် ပို့လွှတ်မည့် စိုက်ပျိုးရေသည် ကင်းတားရေလွှဲဆည်မှ ခွဲဝေပေးရသည့်အတွက် ရေလွှဲဆည်တွက် စိုက်ပျိုးရေလျော့နည်းမှုမရှိစေရန် ယခင်ကင်းတားရေလွှဲဆည်မှ လက်ယာမြောင်း၊ ရေသောက်စနစ်သို့ ပေးဝေလျက်ရှိသော စိုက်ပျိုးရေကို ရပ်နားပြီး မြို့ကြီးရေလွှဲဆည်မှ ကင်းတားလက်ယာမြောင်းသို့ တိုက်ရိုက်ပေးဝေ စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မန္တလေးတိုင်းတိရစ္ဆာန်ရောဂါရှာဖွေရေး ဓါတ်ခွဲခန်းသို့ ဝင်ရောက်ကြည့်ရှုစစ်ဆေးပြီး ဓါတ်ခွဲခန်းလုပ်ငန်းများ ပုံမှန်စနစ်တကျဆောင်ရွက်ရေး၊ ဝန်ထမ်းများစိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ရေးနှင့် ဌာနအပေါ်၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေရေးတို့အား ဆွေးနွေးမှာကြားသည်။


ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် နတ်ရေကန် ငါးမွေးမြူရေးစခန်းသို့ ရောက်ရှိပြီး မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အဖွဲ့ဝင်များအား တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်မှ စခန်းအတွင်း ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ငါးမျိုးများဖြန့်ဝေပေးနေမှုများကို ရှင်းလင်းတင်ပြသည်။ ၎င်းနောက် ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌမှ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြရာ ဒုတိယဝန်ကြီး က နိုင်ငံခြားဈေးကွက်သို့ ငါးများပိုမိုတင်ပို့ရောင်းချနိုင်ရေးအတွက် GAqP စနစ်ဖြင့် တိုးချဲ့မွေးမြူရေးတို့အား ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။