ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

အားလုံးပါဝင်ပြီး ရေရှည်တည်တံ့သော ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်စေရန် ကျေးရွာလူငယ်များကိုယ်တိုင် ထိန်းသိမ်းစီမံနိုင်ရေးကြိုးပမ်းရန်လိုအပ်

နိုင်ငံ၏ စီးပွားရေးပုံသဏ္ဍာန်ပြောင်းလဲရေးအတွက် အဓိကအခြေခံကျသော ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာ၌ ဒေသနေပြည်သူများ၏ လိုလားတက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ခြင်း နှင့် ဖွံ့ဖြိုးရေး အဆောက် အအုံများ ရေရှည်တည်တံ့ခိုင်မြဲပြီး အကျိုးရှိထိရောက်စွာ သုံးစွဲ နိုင်ရေးအတွက် ကျေးရွာ ကော်မတီများ နှင့် ကျေးရွာသူကျေးရွာသားများက ညီညွတ်စွာ ထိန်းသိမ်း စောင့်ရှောက် သည့် အလေ့အထကောင်းများရှိခြင်းသည် အားသာချက် တစ်ခု ဖြစ်ပါကြောင်း၊ နည်းပညာ သင်ယူ လေ့လာရန် အခြေခံရှိသည့် ကျေးလက်လူငယ်များအနေဖြင့် စီမံကိန်းကာလ အတွင်း လိုအပ်သည့် ထိန်းသိမ်းပြုပြင်နည်းများကို ကြိုတင်လေ့လာ သင်ယူကြစေ လိုကြောင်း၊ ကျေးရွာက အပြည့်အဝတာဝန်ယူစီမံခန့်ခွဲရမည့် သတ်မှတ်ကာလတွင် မိမိကျေးရွာလူငယ်များကိုယ်တိုင် ကျွမ်းကျင်စွာ ထိန်းသိမ်းစီမံနိုင်မည်ဆိုပါက ကျေးရွာ ဖွံ့ဖြိုးမှုကို များစွာ အထောက်အကူဖြစ်စေနိုင်ပါကြောင်း၊ မေလ ၂ ရက်နေ့ နံနက်ပိုင်းက မြိတ်ခရိုင် ကျွန်းစုမြို့နယ် သဲအော်ကျေးရွာ ၌ ကျင်းပပြုလုပ်သည့် နေရောင်ခြည် စွမ်းအင်သုံး ဆိုလာအသေးစား ဓာတ်အားပေးရေးစနစ် (Solar Mini – Grid) ဖွင့်ပွဲ အခမ်းအနားတွင် စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။
အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမောင်ကြီး ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များ ၊ တိုင်းဒေသကြီး၊ ခရိုင်အဆင့် တာဝန်ရှိသူများ သဲအော်ကျေးရွာမီးလင်းရေးကော်မတီဝင်များ ကျေးရွာသူ ကျေးရွာသားများ တက်ရောက် ကြသည်။
ကျေးလက်ဒေသများ လျှပ်စစ်မီး ရရှိရေး အတွက် မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေး လုပ်ငန်းများကို မဟာဓါတ်အားလိုင်းပြင်ပ အမျိုးသားအဆင့် လျှပ်စစ်မီးလင်းရေးစီမံကိန်း (NEP Off-grid) မူဝါဒနှင့်အညီ လာမည့် (၁၀)နှစ်အတွင်း မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးမရနိုင်သေးသောဒေသများ၊ မဟာဓာတ်အားလိုင်းနှင့် (၁၀)မိုင်အထက် ဝေးကွာသောဒေသများ၊ ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားသော ကျေးရွာများ ၊ အိမ်ခြေ ၅၀ အထက်ရှိ၍ လူနေသိပ်သည်းသော ကျေးရွာများကို ဦးစားပေး ရွေးချယ် ဆောင်ရွက်လျက်ရှိသည်။


ကမ္ဘာ့ဘဏ် နှင့် ဂျာမန်ဖွံ့ဖြိုးရေးအေဂျင်စီ GIZ တို့မှ နည်းပညာနှင့် ထောက်ပံ့မှုဖြင့် မဟာဓာတ်အား လိုင်း ပြင်ပ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က ထည့်ဝင်ငွေ ၆၀ ရာခိုင်နှုန်း၊ ပြည်သူထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်း၊ ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီ က ထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်းတို့ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဆိုပါလျှပ်စစ်မီး ရရှိအသုံးပြုနိုင်မှု ကြောင့် ကျေးလက်နေပြည်သူများ အတွက် လျှပ်စစ်မီးအလင်းရောင် ရရှိရုံသာမက ငါး၊ ကျောက်ကဏန်း၊ ကင်းပုစွန်များ မွေးမြူရေးလုပ်ငန်းများတွင် လျှပ်စစ်ဓါတ်အားရယူ အသုံးပြုနိုင်ခြင်း၊ အသေးစား ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေး လုပ်ငန်းများ ဆောင်ရွက် နိုင်ကြခြင်း၊  ကျေးရွာအတွင်း တန်ဖိုးမြှင့် ထုတ်ကုန်များတိုးချဲ့ ထုတ်လုပ်နိုင်ခြင်း၊ စျေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်၍ သဲအော်ကျေးရွာ ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုလျက်ရှိသည်။


ထိုမှတဆင့်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြိတ်မြို့ အိုကေအဆင့်မြင့်ဆန်စက် သို့ ရောက်ရှိကြပြီး ခေတ်မီအဆင့်မြင့် စက်ကြီးများဖြင့် ဆန်များ ကြိတ်ခွဲခြင်း ၊ ချောချောအရောင်တင်လုပ်ငန်း ၊ ထုပ်ပိုး သိုလှောင်ခြင်းများ ၊ ဘေးထွက်ပစ္စည်း စပါးခွံကို အသုံးပြုပြီး ၃၂၅ ကီလိုဝပ် ဂျင်နရေတာ(၅)လုံးကို အလှည့်ကျမောင်းနှင်၍ လျှပ်စစ်မီးထုတ်လုပ်ကာ ဆန်စက်လုပ်ငန်းများတွင် ပြန်လည်အသုံးပြုနေမှု၊ စပါးခွံအလုံအလောက်ရရှိပါက ပတ်ဝန်းကျင်ပြည်သူများအား အဖိုးနှုန်းချိုသာစွာ လျှပ်စစ်မီးဖြန့်ဝေပေးနိုင်မည့် အလားအလာများ နှင့် စက်ရုံလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးအားပေးသည်။
ဆက်လက်၍ ဆန်စက်နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ ပုဂ္ဂလိကလုပ်ငန်းရှင်နှင့် တောင်သူများ အပြန်အလှန် နားလည်ယုံကြည်မှုဖြင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်သော ကန်ထရိုက် လယ်ယာစနစ်၏ သဘောတရားများ၊ မျိုးကောင်းမျိုးသန့် ပြောင်းလဲ သုံးစွဲရေး နှင့် နည်းပညာ လိုအပ်ချက်များ အတွက် သက်ဆိုင်ရာဌာနများထံ အကူအညီရယူ ဆောင်ရွက်နိုင်မှု အခြေအနေများ ကို ဆွေးနွေး ပြောကြားသည်။


၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ကြီးကျေးရွာ တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော အိမ်သွယ်ရေတိုင်စနစ်ဖြင့် ရေပေးဝေနေမှုများကို ကြည့်ရှု အားပေးသည်။
အလားတူ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေး ရွှေဒူးခြံတွင် မိုးရာသီ မိုးကာဖြင့် ရော်ဘာအစေးခြစ်ခြင်းကွင်းသရုပ်ပြပွဲ နှင့် ဆီအုန်းသုတေသနလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး သုတေသနပညာရှင်များ၊ ခြံတာဝန်ခံများ ၊ နည်းပညာပြန့်ပွားရေးဝန်ထမ်းများ နှင့် ဒေသခံတောင်သူများအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။