စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးလာရေး ကူညီ အားပေး ဆောင်ရွက်ရာ၌ ငွေကြေး အရင်းအနှီး ၊ မျိုး၊ သွင်းအားစု နှင့် နည်းပညာများအပြင် တောင်သူများ အဓိကလိုအပ်သည့် စျေးကွက် သေချာမှုရှိစေရေးကိုပါ ထည့်သွင်းစီမံဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း မေလ ၁ ရက်နေ့ နံနက်ပိုင်းက မြိတ်မြို့ ပုလဲသန္တာခန်းမ၌ ကျင်းပ ပြုလုပ်သည့် တနင်္သာရီတိုင်းဒေသကြီး ၏ လယ်ယာသားငါးထုတ်လုပ်မှုဖွံ့ဖြိုး တိုးတက်ရေးအစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။
အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမောင်ကြီး ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ၊ တိုင်းဒေသကြီး၊ခရိုင်အဆင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေးပြောကြားရာ၌ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် -၁၉ ကြောင့် ထိခိုက်ခဲ့ရသည့် နိုင်ငံတော်၏စီးပွားရေး ပြန်လည်ဦးမော့လာစေရန် နှင့် ဘက်စုံ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အခြေခံ ကျသည့် လယ်ယာ သားငါးထွက်ကုန်များ တိုးမြှင့် ထုတ်လုပ်နိုင်ရေး နှင့် တန်ဖိုးမြင့် ကုန်ချောများအဖြစ် တိုးတက် ထုတ်လုပ် နိုင်ရေးကို ဦးတည်ကြိုးပမ်းလျက်ရှိကြောင်း၊ တာဝန်ရှိသူအဆင့်ဆင့်တို့အနေဖြင့် သမားရိုးကျ လုပ်ရိုး လုပ်စဉ် ကဲ့သို့ သဘောမထားပဲ မိမိဒေသ ရေ မြေ ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိစေပြီး စျေးကွက် အလားအလား ရှိသော စိုက်ပျိုးရေး မွေးမြူရေး ထွက်ကုန်များထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ဒေသနေပြည်သူများ၏ ဝင်ငွေ နှင့် လူနေမှု အဆင့် အတန်း မြင့်မားရေးကို မျှော်မှန်း ဆောင်ရွက် ကြရန် လိုအပ်ကြောင်း ၊ တနင်္သာရီတိုင်းဒေသကြီး သည် စိုက်ပျိုး မွေးမြူရေး အတွက် ကွဲပြား ခြားနား သည့် စိုက်ပျိုးမှု ပတ်ဝန်းကျင်အခြေအနေ ရှိသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် အေးချမ်းသာယာမှု နှင့် စီးပွားရေး ဖွံ့ဖြိုးမှု ရှိရန်လိုအပ်ကြောင်း၊ သို့မှသာ ဒေသနေပြည်သူများ၏ အလုပ်အကိုင် ဝင်ငွေ စီးပွားရေး နှင့် လူနေမှု အဆင့် အတန်း များ မြင့်မားလာမည်ကို အထူးသတိပြု ကြရမည်ဖြစ်ပါကြောင်း ၊
တနင်္သာရီတိုင်းဒေသကြီး အနေဖြင့် စားအုန်းဆီစိုက်ပျိုးထုတ်လုပ်နိုင်ခြင်း၊ ရော်ဘာ ၊ ကိုကိုး နှင့် အခြားဥယျာဉ်ခြံသီးနှံ နှစ်ရှည်ပင်များ၊ ရာသီ သီးနှံများ စိုက်ပျိုး ထုတ်လုပ်နိုင်သည့်အပြင် ပင်လယ် ငါးဖမ်းလုပ်ငန်း၊ ငါး ပုစွန် မွေးမြူရေးလုပ်ငန်း နှင့် ရေထွက်ကုန်များ စုံလင်စွာဖြင့် စီးပွားဖြစ်ထုတ်လုပ်နိုင်သည့် ဝိသေသကောင်းများ ရှိနေပြီး ဖြစ်ရာ သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် လိုအပ်ချက်များ ရှာဖွေဖော်ထုတ်ပြီး ပုဂ္ဂလိကကဏ္ဍနှင့် ဟန်ချက်ညီ စနစ်တကျ အားပေး ကူညီဆောင်ရွက်နိုင်ပါက ကာလတိုအတွင်း သိသာသော ပြောင်းလဲတိုးတက်မှုကို ရရှိ နိုင်မှာ ဖြစ်ပါကြောင်း၊
အလားတူ အိမ်နီးချင်းနိုင်ငံများနှင့် တူမျှသည့် ရာသီဥတုအခြေအနေရှိနေမှုအရ ကြက်၊ဝက်၊ဆိတ် နှင့် နို့စားနွားတိုးချဲ့မွေးမြူရေး၊ ငါး ပုစွန် မွေးမြူရေးလုပ်ငန်းများတွင် သုတေသနနှင့် ခေတ်မီ နည်းစနစ်များကို အသုံးချ၍ ပုဂ္ဂလိကအခန်း ကဏ္ဍတိုးမြှင့် လုပ်ကိုင်ဆောင်ရွက် လာစေရေး အတွက် ဆက်စပ် အားပေးရန် လိုအပ် ကြောင်း ၊
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးလာရေး ကူညီ အားပေး ဆောင်ရွက်ရာ၌ ငွေကြေး အရင်းအနှီး နှင့် တောင်သူများ အဓိကလိုအပ်သည့် စျေးကွက် သေချာမှုရှိစေရေး ကိုပါ ထည့်သွင်း စီမံဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ အဆိုပါ လိုအပ်ချက်များ စနစ်တကျ ဖော်ဆောင် ပေးနိုင်ရန် ထုတ်ကုန် တူရာအချင်းချင်း၊ စိုက်ပျိုး မွေးမြူလုပ်ကိုင်မှု တူရာအချင်ချင်းစုပေါင်း၍ သမဝါယမ အသင်းများ ဖွဲ့စည်းထူထောင်ပေးရန် လိုအပ် ကြောင်း၊ သို့မှသာ အရင်းအနှီး တောင့်တင်း ခိုင်မာခြင်း၊ လုပ်ငန်းတိုးချဲ့ရန် ချေးငွေ လွယ်ကူစွာရယူနိုင်ခြင်း ၊ အရည်အသွေးတူ ထုတ်ကုန်များ စုပေါင်းထုတ်လုပ်နိုင် သဖြင့် လက္ကားစျေးကွက်သို့ တိုက်ရိုက်ဝင်ရောက် နိုင်သဖြင့် စျေးကွက် အကျိုးအမြတ်ကိုပါ ခံစားနိုင်ကြမည်ဖြစ်၍ တောင်သူများအတွက် အကျိုးကျေးဇူး ပိုမို ရရှိစေမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမောင်ကြီး က တိုင်းဒေသကြီး ၏ လယ်ယာသားငါးထုတ်လုပ်မှု အခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ် များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက သက်ဆိုင်ရာ လုပ်ငန်း ကဏ္ဍများ အလိုက်တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး နှင့် တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေး ကောင်စီဝင် တို့က ဖြည့်စွက်ဆွေးနွေးမှာကြားသည်။
ပြည်ထောင်စုဝန်ကြီး နှင့် တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေး ကောင်စီဝင် တို့သည် နေ့လယ်ပိုင်း တွင် မြိတ်ခရိုင် ကျွန်းစုမြို့နယ်ရှိ မရွှေဥကျွန်း နှင့် ပထော် ပထက်ကျွန်းများ သို့သွားရောက်ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ GAqP စနစ်ဖြင့် မွေးမြူထုတ်လုပ်လျက် ရှိသည့် ကဏန်းနှင့် ပုစွန် မွေးမြူရေးလုပ်ငန်းများ၊ ယင်းလုပ်ငန်းဧရိယာအတွင်း ဒီရေတောများ ထိန်းသိမ်းထားမှု လုပ်ငန်း များ ကိုလည်းကောင်း၊ ငါးမှုန့်စက်ရုံ နှင့် စားသုံးကုန်ပစ္စည်းအတွက် ထုတ်လုပ်လျက်ရှိသည့် စံချိန်မီ ရေခဲစက်ရုံ ၊ ပုစွန် နှင့် ကဏန်းပျော့ အေးခဲ ထုပ်ပိုး စက်ရုံများ ကိုလည်းကောင်း ကြည့်ရှုအားပေးသည်။
ညပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးငါးလုပ်ငန်းအဖွဲ့ချုပ် နှင့် ငါး ပုစွန် လုပ်ငန်းရှင်များ၊ ဆီအုန်းလုပ်ငန်းရှင်များ နှင့် ရော်ဘာလုပ်ငန်းရှင်များအား တွေ့ဆုံ၍ လုပ်ငန်းရှင်များ ၏ လတ်တလော အခက်အခဲနှင့် ရေရှည်ဆောင်ရွက်ရန် လိုအပ်ချက်များ လုပ်ငန်းသုံးမြေများ ဥပဒေနှင့်အညီဖြစ်စေရေး၊ နိုင်ငံတကာအဆင့်မီ ငါးလေလံစျေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီး တွင် စိုက်ပျိုးနိုင်သောမြေဧရိယာ ဧကဆယ်သိန်းကျော် ရှိပြီး မိုးစပါး စိုက်ဧက နှစ်သိန်းကျော် ၊ ရော်ဘာစိုက်ဧက သုံးသိန်းကျော် ၊ ဆီအုန်း စိုက်ဧက လေးသိန်းကျော် အပါအဝင် သီးနှံစုံစိုက်ပျိုးထုတ်လုပ်လျက်ရှိကာ သီးနှံစိုက် စွမ်းအား ၁၃၆% ကျော်ရှိသည်။ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ် GAqP စနစ်ဖြင့် ကဏန်းနှင့် ပုဇွန်မွေးမြူရေးလုပ်ငန်း ဧက ငါးရာကျော် ရှိပြီး ကမ်းနီးငါးဖမ်း ငါးသယ်ရေယာဉ် အစီးရေ တစ်သောင်းကျော် ၊ ဒေသခံ ကမ်းဝေး ရေယာဉ် လေးရာကျော်၊ ဂရမ်ကြီး ကမ်းဝေး ရေယာဉ်ကိုးရာကျော်တို့ဖြင့် ငါးဖမ်း လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် လျက်ရှိကြောင်း၊ ပင်လယ်ငါးသယံဇာတ ပြုန်းတီးမှု ကာကွယ်ရေး အတွက် VMS စနစ်ဖြင့် ငါးဖမ်းရေယာဉ်တည်နေရာ စောင့်ကြည့် ထိန်းချုပ်ရေး ကိုလည်း ဆောင်ရွက် ထားရှိပြီးဖြစ်ကြောင်း သတင်းရရှိသည်။