ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဒေသဝမ်းစာဖူလုံရေး၊ စိုက်ပျိုးရေး နှင့် မွေးမြူရေး ကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများ ကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ က မူဝါဒများချမှတ်ပေးထားရာ တိုချဲ့မြို့ပြစီမံကိန်းများ နှင့် စီးပွားရေး အထူးဇုန်များကို စိုက်ပျိုးမြေများတွင် ဆောင်ရွက်ခြင်းမရှိအောင် ထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်ရန် အချက်များ လည်း အပါအဝင်ဖြစ်ကြောင်း၊

မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ ပေါ်တွင် စိုက်ပျိုးရေး နှင့် မွေးမြူရေးအပါအဝင် လုပ်ငန်းအသီးသီး ဆောင်ရွက်နိုင်ရန် လုပ်ပိုင်ခွင့် အသုံးပြုခွင့်များကို မှန်မှန်ကန်ကန်နှင့် အကျိုးရှိရှိအသုံးချနိုင်ရေး အတွက် အမြန်ဆုံးစီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ပိုင်ခွင့် အသုံးပြုခွင့်လျှောက်ထားမှုများတွင် မြေများအပေါ် လက်ဦးရယူခြင်း နှင့် ရောင်းကုန် ဈေးကွက် သဖွယ် ဆောင်ရွက်ခြင်းများ မဖြစ်စေရေးအတွက် သက်ဆိုင်ရာကော်မတီအဆင့်ဆင့်က အထူး ဂရုပြုစိစစ်ဆောင်ရွက်ရန်လိုအပ်ကြောင်း ဧပြီလ(၂)ရက် နံနက်ပိုင်း က စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တွင် ဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြား သည်။

ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီကျင်းပပြုလုပ်သည့် အဆိုပါ အစည်းအဝေး သို့ ဗဟိုကော်မတီ ဒုတိယဥက္ကဌများဖြစ်ကြသည့် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် နှင့် ဗဟိုကော်မတီဝင်များ စုံညီစွာတက်ရောက်ကြပြီးဗဟိုကော်မတီ အတွင်းရေးမှူး ဦးသက်နိုင်ဦး က အစည်းအဝေးတွင်ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းစာတွဲများကိုတင်ပြရာ အစည်း အဝေး တက်ရောက်လာကြသူများက လုပ်ငန်းအကြောင်းအရာတစ်ခုချင်းအလိုက် ဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် ပထမအကြိမ်ကျင်းပပြုလုပ်သည့်  မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ အစည်းအဝေးတွင် တိုင်းဒေသကြီး ပြည်နယ် စီမံခန့်ခွဲရေးကော်မတီအချို့က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ ပုဒ်မ ၃-က နှင့်အညီ တင်ပြလာသည့် တိုင်းဒေသကြီး ပြည်နယ် စီမံခန့်ခွဲရေးကော်မတီ တွင် ထည့်သွင်းဖွဲ့စည်းရမည့် ဒေသခံလူမျိုးစုကိုယ်စားလှယ်များ၊ တောင်သူလယ်သမား ကိုယ်စားလှယ် များ ၊ အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းကိုယ်စားလှယ်များ ၊ သင့်လျော်သည့် ပညာရှင်များ၏ စာရင်းများနှင့်ပတ်သက်၍လည်းကောင်း၊ ယခင်အစိုးရကာလ သက်ဆိုင်ရာဝန်ကြီးဌာနများမှ သဘောထားမှတ်ချက် ပြန်ကြားလာသည့် အမှုတွဲများကိုစိစစ်ခြင်း၊ လက်ရှိကာလတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ သို့ သဘောထားမှတ်ချက် တောင်းခံထားသည့် အမှုတွဲများကို စိစစ်ခြင်း ၊ ဗဟိုကော်မတီ သို့ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၈-က(ခ) အရ အယူခံဝင်ရောက်လာသည့်ကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ အနေဖြင့် ယခင်ကာလများက မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများကို လုပ်ကိုင်အသုံးပြုရန် အကြောင်း အမျိုးမျိုးဖြင့် ရယူထားပြီး အကောင်အထည်ဖော်ရန် ခွင့်ပြုသတ်မှတ်ကာလ ကျော်လွန်နေသည့် ဧရိယာများကိုလည်း အထူး အဖွဲ့များဖွဲ့စည်း၍  ဥပဒေ နည်းဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ပြန်လည်သိမ်းဆည်းသွာမည် ဖြစ်ကြောင်း၊ အလားတူ သတ်မှတ်မြေခွန်တော် ကင်းလွတ်ခွင့် ကာလ ကုန်ဆုံးခဲ့ပြီး နှစ်စဉ် ပုံမှန်မြေခွန်တော် ပေးဆောင်ရန် အချိန်စေ့ရောက်သော်လည်း ပျက်ကွက်နေမှုများအပေါ် မြေခွန်တော် ကြွေးကျန် မရှိစေရေး အတွက် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။