သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ်(၂၅)သင်တန်းဖွင့်

ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဒေသခံပြည်သူများ၏ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်၊အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေရန် ရည်ရွယ်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကအသက်မွေးဝမ်းကျောင်းပညာရပ်များကို ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ မဲခေါင်လန်ချန်းအထူးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် “Training Course On Food Processing” စီမံကိန်း၏ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ်(၂၅) သင်တန်းဖွင့်ပွဲကို ဧပြီလ ၂၆ ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် နေပြည်တော် ရုံးအမှတ် ၁၆ ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ ကျင်းပ ပြုလုပ်ခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသော Covid-19ညွှန်ကြားချက် များနှင့်အညီ ကျင်းပပြုလုပ်သည့် အဆိုပါ အခမ်းအနားသို့ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်းသူ (၁၀) ဦးတို့တက်ရောက်ခဲ့ကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် က သင်တန်းဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ သင်တန်းတာဝန်ခံက သင်တန်းနှင့်ပတ်သက်သည့် စည်းကမ်းချက်များနှင့်သင်ကြားမည့်ဘာသာရပ်များအားရှင်းလင်းတင်ပြီး သင်တန်းသား/သူ များ က တစ်ဦးချင်းမိတ်ဆက်စကားပြောကြားခဲ့ကြသည်။

သင်တန်းတွင် ရေခဲချောင်း၊ ရေခဲမုန့်နှင့် Milkshake အမျိုးမျိုးပြုလုပ်ခြင်း၊ သစ်သီးယို အမျိုးမျိုးပြုလုပ်ခြင်း၊သစ်သီးဖျော်ရည်အမျိုးမျိုးပြုလုပ်ခြင်း၊ သစ်သီးဝိုင်များပြုလုပ်ခြင်း၊ တာရှည်ခံ သစ်သီးနှင့် သီးနှံခြောက်အမျိုးမျိုးပြုလုပ်ခြင်း၊ သစ်သီးဆော့စ်များပြုလုပ်ခြင်းများနှင့် Food Safety ဆိုင်ရာ ဘာသာရပ်များ ကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရှိ သင်တန်း နည်းပြများ က ဧပြီလ၂၆ ရက်နေ့မှ မေလ ၂ရက်နေ့ထိ စာတွေ့လက်တွေ့ အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။