ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

စိုက်ပျိုးရေးသွင်းအားစုများ အရည်အသွေးပြည့်မီ ဈေးနှုန်း သက်သာစွာ သုံးစွဲနိုင်ရေးနှင့် စိုက်ပျိုးရာသီအမီတင်သွင်း ဖြန့်ဖြူးနိုင်ရေးလုပ်ငန်းညှိနှိုင်း


မြန်မာနိုင်ငံအနေဖြင့် ပိုးသတ်ဆေး၊ မြေဩဇာ၊ မျိုးစေ့များ ထပ်မံ တင်သွင်း ဖြန့်ဖြူး နိုင်သော အလားအလာ နှင့် အခွင့်အလမ်းများ များစွာ ရှိနေသည့် အားသာချက်ကို တွေ့ရှိရမှာဖြစ်ပါ ကြောင်း၊ တောင်သူများအတွက် အရည်အသွေး ကောင်းပြီး၊ ဈေးနှုန်း သင့်တင့်သော စိုက်ပျိုးရေး သွင်းအားစုများ ရရှိသုံးစွဲနိုင်ရေးကို အလေးထား ပြီး စိုက်ပျိုးရေးသွင်းအားစုများ စီးပွားဖြစ် ဆောင်ရွက်နေကြသည့် ကုမ္ပဏီများ အတွက် လည်း မျှတသောအကျိုးအမြတ်ရရှိရန် ဖန်တီး ဖော်ဆောင် နိုင်မှသာ ရေရှည်တည်တံ့သည့် စီးပွားရေး ကွင်းဆက်တစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ကြောင်း၊ ဧပြီလ ၂၂ ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၁၅) အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည့် စိုက်ပျိုးရေး သွင်းအားစုများ အရည်အသွေးပြည့်မီစွာဖြင့် ဈေးနှုန်း သက်သာစွာ သုံးစွဲနိုင်ရေး နှင့် စိုက်ပျိုးရာသီအမီတင်သွင်း ဖြန့်ဖြူးနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး ပွဲ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေး ပြောကြားသည်။ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သည့် အဆိုပါဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် တို့မှ တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံ မြေဩဇာ၊မျိုးစေ့နှင့်စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း နှင့် စိုက်ပျိုးရေး သွင်းအားစုကုမ္ပဏီများ မှ ကိုယ်စားလှယ်(၃၈)ဦးတို့ ပါဝင် တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က အဖွင့်အမှာစကား ပြောကြားရာ၌ မြန်မာနိုင်ငံ၏ မြေဩဇာ၊ ပိုးသတ်ဆေး သုံးစွဲမှု၊ မျိုးကောင်းမျိုးသန့်မျိုးစေ့ သုံးစွဲမှု ပမာဏမှာ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါကအလွန်နည်းပါးလျက်ရှိရာ ကုလသမဂ္ဂ စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့ FAO-Stat website တွင် ဖော်ပြထားချက် အရ ၂၀၁၈ခုနှစ်တွင် မြန်မာနိုင်ငံ ၌ ပိုးသတ်ဆေး တန်ချိန်(၃)ထောင်ကျော် သုံးစွဲခဲ့ပြီး ထိုင်းနိုင်ငံ က တန်ချိန်(၃)သောင်းကျော်၊ ဗီယက်နမ်နိုင်ငံ က တန်ချိန်(၂)သောင်း ကျော် သုံးစွဲခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ယူရီးယား မြေဩဇာ တန်ချိန်(၁)သိန်း(၈)သောင်းကျော် သုံးစွဲခဲ့ပြီး ထိုင်းနိုင်ငံ ၌ တန်ချိန်(၁၈)သိန်းကျော်၊ ဗီယက်နမ်နိုင်ငံ ၌ တန်ချိန်(၁၄)သိန်းကျော် သုံးစွဲခဲ့ကြောင်း၊ မျိုးစေ့ ကဏ္ဍအနေဖြင့် လေ့လာ တွေ့ရှိချက်များအရ မြန်မာနိုင်ငံတွင် ဟင်းသီးဟင်းရွက် တစ်ဟက်တာအတွက် မျိုးစေ့ဖိုး သုံးစွဲငွေ (၁၆)ဒေါ်လာသာ ရှိနေချိန် တွင် ထိုင်းနိုင်ငံ၌(၁၁၇) ဒေါ်လာ၊ ဗီယက်နမ်နိုင်ငံက (၅၉)ဒေါ်လာ သုံးစွဲနေသည့် တွေ့ရှိချက်များအရ မိမိတို့နိုင်ငံ၏ ပိုးသတ်ဆေး၊ မြေဩဇာ၊ မျိုးစေ့များ ထပ်မံ တင်သွင်း ဖြန့်ဖြူး နိုင်သော အလားအလာ နှင့် အခွင့်အလမ်းများ များစွာရှိနေသည့် အားသာချက်ကို တွေ့ရှိရမှာ ဖြစ်ပါကြောင်း၊ အရည်အသွေး ကောင်း စိုက်ပျိုးရေး သွင်းအားစုများကို တောင်သူများ အကျိုးရှိစွာ သုံးစွဲနိုင်ရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန က တည်ဆဲ ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ စိစစ်ကြပ်မတ်ခြင်း၊ စိုက်ပျိုးရေးသွင်းအားစု ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ ၏ တင်သွင်း တင်ပို့မှုဆိုင်ရာ လုပ်ငန်းများ ပိုမိုလွယ်ကူ လျင်မြန်စွာ ဆောင်ရွက် နိုင်ကြစေရန် နှင့် ပွင့်လင်းမြင်သာမှု ရှိစေရန်၊ ငွေကြေးနှင့်အချိန် ကုန်ကျမှုသက်သာစေရန် တို့ အတွက် ကြိုးပမ်းစီမံဆောင်ရွက် ပေးလျက်ရှိရာ ယခုအခါ မျိုးစေ့ ၊ မြေဩဇာ၊ ပိုးသတ်ဆေး စသည့် စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုများ တင်သွင်း တင်ပို့ခြင်းဆိုင်ရာ ထောက်ခံချက်များကို Myanamar Agricultural Inputs Registration System (MAIRS) စနစ်ဖြင့် online မှ အလွယ်တကူ လျှောက်ထား နိုင်ပြီဖြစ်ပါကြောင်း၊ အဆိုပါ online စနစ်၏ အားသာချက်၊ အားနည်းချက်များ ကိုလည်း ယနေ့အစည်းအဝေး တွင် ကုမ္ပဏီများဘက်က သုံးသပ် ဆွေးနွေး ပေးကြစေလိုကြောင်း၊ မှတ်ပုံတင်ခြင်း၊ အသိအမှတ်ပြုလက်မှတ်များ လျှောက်ထား ခြင်း ကိုလည်း မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး ဆိုင်ရာ နည်းပညာအဆင့် နှင့် အမျိုးသားအဆင့် ကော်မတီ အစည်းအဝေးများ တွင် MAIRS online စနစ် အသုံးပြုပြီး လုပ်ငန်းစဉ် တစ်ခုလုံး၌ အွန်လိုင်း စနစ်ဖြင့် ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်ထားပြီးဖြစ်ပါကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာကြသူများ က စိုက်ပျိုးရေးသွင်းအားစုများ စိုက်ပျိုးရာသီ အမီ တင်သွင်း၊ ဖြန့်ဖြူးနိုင်ရေး နှင့် အရည်အသွေး ပြည့်မီစွာ အသုံးပြုနိုင်ရေး၊ ဈေးနှုန်းသင့်တင့် မျှတစွာ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရန် ကိစ္စရပ်များ၊ ဓါတ်မြေဩဇာ နှင့် ပိုးသတ်ဆေးများကို ပြည်ပမှ တိုက်ရိုက်တင်သွင်းခြင်း၊ ပြည်တွင်းထုတ်လုပ်မှု အတွက် ကုန်ကြမ်းတင်သွင်းခြင်းလုပ်ငန်းများအတွက် နိုင်ငံခြားငွေ အချိန်မီ လဲလှယ်ရရှိရေး နှင့် လျင်မြန်စွာပြောင်းလဲနေသော ငွေကြေးလဲလှယ်မှုနှုန်းထားသက်သာစေရေးအတွက် နိုင်ငံတော် မှ ကူညီပေးရေးဆိုင်ရာကိစ္စရပ်များ၊ သက်ဆိုင်ရာဌာနများ နှင့် အသင်းအဖွဲ့များ လုပ်ငန်းရှင်များ အကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန် ကိစ္စရပ်များ၊ MAIRS စနစ်ဖြင့် online လုပ်ငန်းစဉ် အသုံးပြုဆောင်ရွက်မှု အတွေ့အကြုံများကို ဆွေးနွေးခဲ့ကြသည်။

လယ်ယာကဏ္ဍတွင်းအသုံးပြုရန် ပြည်ပမှ ဝယ်ယူတင်သွင်းမှုအနေဖြင့် ၂၀၂၀ပြည့်နှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် ဧပြီလအတွင်း ယူရီးယား ၆၇၀၀၀၀ တန်၊ ပိုးသတ်ဆေး ၁၆၀၀၀ တန် ၊ နှင့် မျိုးစေ့ တန် ၅၀၀၀ တင်သွင်းပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ပြီးသော ပိုးသတ်ဆေးကုမ္ပဏီ ၃၇၇ ခု ၊ ရာနှုန်းပြည့်နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှုဖြင့်ဆောင်ရွက်နေသော ပိုးသတ်ဆေး ကုမ္ပဏီ ၅ ခု ၊ ပြည်တွင်းတွင် ပိုးသတ်ဆေးဖော်စပ်ထုတ်လုပ်ရောင်းချနေသည့် ကုမ္ပဏီ ၂၂၂ ခု ၊ ပြည်တွင်းတွင် ပိုးသတ်ဆေးပြန်လည်ထုပ်ပိုးရောင်းချနေသော ကုမ္ပဏီ ၄ ခု၊ မှတ်ပုံတင်ခွင့်ပြုပြီး သော ဓါတ်မြေဩဇာ ကုမ္ပဏီ ၆၃၇ ခု၊ ရာနှုန်းပြည့်နိုင်ငံခြားသား ရင်းနှီး မြုပ်နှံမှုဖြင့် ဆောင်ရွက်နေသော ဓါတ်မြေဩဇာ ကုမ္ပဏီ ၈ ခု ရှိကြောင်း သတင်းရရှိသည်။