ပြည်သူများ စားနပ်ရိက္ခာနှင့် အာဟာရဓါတ် ဖူလုံပြည့်ဝရေး ၊ အလုပ်အကိုင်ရရှိရေး တို့ အတွက် သေချာသည့် စိုက်ပျိုးရေး နှင့် မွေးမြူရေး လုပ်ငန်းများကို အခြေခံသော ကုန်ထုတ်လုပ်ငန်းများ ခေတ်မီဖွံ့ဖြိုးရေး ဆောင်ရွက်ပေးခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး လုပ်ငန်း များ ကို အမြန်ကုစား ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေး နှင့် မွေးမြူရေး လုပ်ငန်းများ အား သမားရိုးကျ မိရိုးဖလာ နည်းလမ်းများ အစား ခေတ်မီနည်းပညာများ အသုံးပြု ဆောင်ရွက် နိုင်ရေး၊ လယ်ယာ ကဏ္ဍဆိုင်ရာ နည်းပညာများ သည် စိုက်ပျိုး မွေးမြူရေး ဆိုင်ရာ ကုန်ထုတ် လုပ်ငန်း လုပ်ကိုင်နေသူများ က လိုအပ်နေသည့် နည်းပညာများ ဖြစ်ပြီး ၎င်းတို့ ကိုယ်တိုင် လိုလားစွာ လိုက်နာ ဆောင်ရွက်လာစေရေး အတွက် တာဝန်ရှိသူများ က ပညာပေး စည်းရုံး ဆောင်ရွက် ကြစေလိုကြောင်း ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်း က စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ် သည့် ခေတ်မီနည်းပညာများအသုံးပြု၍ ကာလတိုအတွင်း လယ်ယာ ကဏ္ဍ သိသာ ထင်ရှားစွာ တိုးတက်ပြောင်းလဲရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေးပြောကြားသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး က ဘဏ္ဍာငွေကြေးများ သုံးစွဲခြင်း နှင့် စီမံခန့်ခွဲခြင်းဆိုင်ရာလုပ်ငန်းများတွင် တည်ဆဲ ဥပဒေ စည်းမျဉ်း စည်းကမ်းများ နှင့် အညီ တိကျစွာလိုက်နာ ဆောင်ရွက်ရန် လိုအပ်ချက်များကို လည်းကောင်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ နှင့် ပါမောက္ခချုပ်များ က ဆောင်ရွက်ဆဲလုပ်ငန်းများ နှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို ကာလတို အတွင်း ထိရောက်လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း ၊ သတ်မှတ်ကာလတွင် စိုက်ပျိုးရေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများ ဘာသာရပ်များ အလိုက် အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး စီမံ ဆောင်ရွက် ထားရှိမှုများနှင့် မွေးမြူရေး ဒီပလိုမာသင်တန်းများ ဖွင့်လှစ်နိုင်ရေး စီမံ ဆောင်ရွက် ထားရှိမှု အခြေအနေများကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က မှာကြား ရာတွင် လယ်ယာ ကဏ္ဍဆိုင်ရာလုပ်ငန်းများ၊ သမဝါယမလုပ်ငန်းများ နှင့် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ကာလတိုအတွင်း သိသာထင်ရှားစွာ နိုးထ တိုးတက် လာစေရေး ဆောင်ရွက်ရာ၌ မိမိတို့ပြည်ထောင်စုအဆင့်က ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ နှင့် သက်ဆိုင်ရာ ဒေသတာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်ချက် များ လိုက်လျော ညီထွေ ဖြစ်စေရေးကို အထူးဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန ၏ မူဝါဒ ၊ ရည်ရွယ်ချက် ၊ မျှော်မှန်းချက် နှင့် လုပ်ငန်းလမ်းညွှန်ချက်များကို တိုင်းဒေသကြီး ပြည်နယ် ခရိုင် နှင့် မြို့နယ် အဆင့်များတွင် တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေသည့် မိမိတို့၏ဌာနတာဝန်ရှိသူတိုင်း ထဲထဲ ဝင်ဝင် သိရှိနားလည်ရေး ၊ သက်ဆိုင်ရာ ဒေသ စီမံ အုပ်ချုပ်ရေးကောင်စီ အဆင့်ဆင့် နှင့် ပူးပေါင်းဆောင်ရွက်ရေး၊ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများ အလိုက် တာဝန်များ တိကျစွာ ခွဲဝေ သတ်မှတ် ဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေး မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။