ငါး-ပုစွန်ဆိုင်ရာ နယ်သတင်းများ

စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာ၊ မင်းဂံချောင်းအတွင်း(သဘာဝရေပြင်)သို့   ရေငန်ပုစွန်မျိုးစိုက်ထည့်

ငါး ပုစွန် မွေးမြူရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာစေရေး၊ ငါးသယံဇာတများ စဉ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းနိုင်စေရေး အတွက် ရေငန်ပုစွန် မျိုးစိုက်ထည့်ပွဲ အခမ်းအနားသို့ ဧပြီလ (၁၂)ရက် နေ့ နံနက်ပိုင်းက စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာ၊ ဇက်ရေယာဉ် ဆိပ်၊ မင်းဂံချောင်း (သဘာဝရေပြင်)၌ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ကြီးကြပ်မှုဖြင့် ကျင်းပပြုလုပ်သည်။

ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်သည့် အဆိုပါ အခမ်းအနားသို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးဌာနမှူး ဦးသက်ဦး က ရခိုင်ပြည်နယ်အတွင်း ၂၀၂၀-၂၀၂၁ ခုနှစ်၊ ငါးမျိုးစိုက်ရာသီအတွက် ငါး၊ ပုစွန်မျိုးစိုက်ထည့်ပြီးနှင့် မျိုးစိုက်ထည့်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ဆက်လက်၍ ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ နှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော် များက သဘာဝရေပြင်အတွင်းသို့ ရေငန်ပုစွန်သားပေါက်ကောင်ရေ(၃ . ၃)သိန်း မျိုးစိုက် ထည့်ပေးကြသည်။

ထို့နောက် ပြည်နယ် စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌနှင့် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာန က ရေငန် ပုစွန်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်၊ ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် သိပ္ပံနည်းကျ (Semi-Intensive) သရုပ်ပြ ရေငန်ပုစွန်မွေးမြူရေးကန်၌ ရေငန်ပုစွန်ကျား(Tiger Shrimp)များ မွေးမြူ ထားမှုကို ကြည့်ရှုကြသည်။

ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါး/ပုစွန်မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက် လာစေရေး၊ ငါးသယံဇာတများ စဉ်ဆက်မပြတ်ရေရှည်ထိန်းသိမ်းနိုင်စေရေးနှင့် ဒေသခံပြည်သူ များ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန် ငါး၊ ပုစွန်မျိုးကောင်းမျိုးသန့်များ ရေရှည် တည်တံ့ပြန့်ပွားလာစေပြီး ငါးရိက္ခာများ ရေရှည်စားသုံးနိုင်ကြစေရန်  ရည်ရွယ်၍ သဘာဝမြစ်၊ ချောင်းများနှင့် သဘာဝရေပြင်များ၊ အင်းအိုင်များ၊ ဆည်းများအတွင်းသို့ နှစ်စဉ်မျိုးစိုက်ထည့် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ မျိုးစိုက်ရာသီအတွင်း ၂၀၂၁ ခုနှစ်၊ မတ်လက ကျောက်ဖြူမြို့နယ်တွင် သဘာဝရေပြင်သို့ ရေငန်ပုစွန်သားပေါက်ကောင်ရေ(၄)သိန်း၊ မျိုးပုစွန် အမ(၃၂)ကောင်နှင့် ယနေ့တွင် ရေငန်ပုစွန်သားပေါက်ကောင်ရေ (၃)သိန်း၊ (၃)သောင်း မျိုးစိုက် ထည့်ခြင်းကြောင့် ယနေ့ထိ ရခိုင်ပြည်နယ်တွင် ရေငန်ပုစွန်သားပေါက်ကောင်ရေ (၇)သိန်း၊ (၃)သောင်း၊ မျိုးပုစွန်အမ ၃၂ ကောင်တို့ကို မျိုးစိုက်ထည့်ပေးခဲ့ပြီးဖြစ်သည်။

ဆက်လက်ပြီး ၂၀၂၁ခုနှစ်၊ ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလများအတွင်း သဘာဝရေပြင် အတွင်းသို့ ရေချို ငါးသားပေါက်ကောင်ရေ (၃)သိန်း ကို မျိုးစိုက်ထည့်ပေး သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။