ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မိသားစုများ  နှစ်သစ် အန္တရာယ်ကင်း ပရိတ်တရားတော် နာယူ။

             စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၏ နှစ်သစ် အန္တရာယ်ကင်း ပရိတ် တရားတော် နာယူခြင်းအခမ်းအနားကို ဧပြီလ (၁၇)ရက်နေ့ မြန်မာနှစ်ဆန်း(၁)ရက်နေ့ ညနေ ပိုင်းက နေပြည်တော် ရုံးအမှတ် ၁၅ ၌ ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ ပျဉ်းမနားမြို့ မဟာလယ်တီစံကျောင်းတိုက်၏ ပဓါနနာယက ၊ နေပြည်တော်တိုင်း သံဃာ့နာယက အဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဣန္ဒာဝုဓ အမှူးပြုသော ဆရာတော် သံဃာတော်(၅)ပါးတို့ က နှစ်သစ်ကူး မင်္ဂလာ အန္တရာယ် ကင်း ပရိတ်တရားတော်များ ရွတ်ပွား ချီးမြှင့်တော်မူကြသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းမိသားစုများက ၅ ပါးသီလ ခံယူ ဆောက်တည် ကြပြီး ဆရာတော် သံဃာတော်အရှင်မြတ်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် နှစ်သစ်ကူး မင်္ဂလာ ပရိတ်တရားတော်များကို ရိုသေစွာ နာယူကြသည်။ထို့နောက် ပျဉ်းမနားမြို့ မဟာလယ်တီစံကျောင်းတိုက်၏ ပဓါနနာယက၊ နေပြည်တော် တိုင်းသံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဣန္ဒာဝုဓ အမှူးပြုသော ဆရာတော် သံဃာတော်(၅)ပါးတို့ အား ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများ က လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြပြီး ကုသိုလ်ကောင်းမှု အစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သတင်း ရရှိသည်။