ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ချောင်းမငယ်ဆည် ရေရှည် အသုံးပြုနိုင်ရန် နှင့် သစ်တောပြုန်းတီးမှုကိုကာကွယ်နိုင်ရန် သီးနှံသစ်တောရောနှော စိုက်ခင်း ထူထောင်ဆောင်ရွက်

           နေပြည်တော်ဝန်းကျင် ခရီးသွားဝန်ဆောင်မှု တိုးတက်စေပြီး ဒေသဝန်းကျင် စိမ်းလန်း သာယာရေးကို အထောက်အကူပြုနိုင်ရန် နှင့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေမှု ရှိသော စိုက်ပျိုး မွေးမြူရေးစနစ် ထွန်းကားလာစေရန် ၊ စီမံကိန်း ဧရိယာအတွင်းရှိ ပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်တို့ကို ရည်ရွယ်၍  ချောင်းမငယ်ဆည်ရေသောက် ဧရိယာတွင် သီးနှံ သစ်တော ရောနှောစိုက်ခင်းများ ထူထောင်ရေးလုပ်ငန်း ကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန နှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ် သည်။

နေပြည်တော် လယ်ဝေးမြို့မှ (၁၂) မိုင်ခန့်အကွာ ၊ ပန်းညိုစမ်းကျေးရွာအနီးရှိ ချောင်းမငယ် ရေလှောင်တမံ နှင့် ရုံးပင်သစ်တောကြိုးဝိုင်းဧရိယာဝန်းကျင်ရှိ ပန်းညိုစမ်း၊ ကြိမ်ဖန်၊ အောင်းကြီးကုန်း၊ ရွာမ၊ ရွာသစ်၊ ကနစိုး၊ မဒေါ့ပင်၊ ပေတုန်းမြောင်၊ ကန်လှ စသည့် ကျေးရွာ(၉)ရွာတွင် အိမ်ထောင်စု ၂၃၀၀ ကျော် နေထိုင်ကြပြီး စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြရာ အဆိုပါလုပ်ငန်း များ တွင် ခေတ်မီနည်းပညာများ အသုံးပြု လုပ်ကိုင် လာနိုင်ကြစေရန် နှင့် အခြားဝင်ငွေတိုးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်၊ မြေယာ အသုံးပြုမှု အတွက် ဥပဒေနှင့် အညီအသုံးပြုခွင့်ရရှိစေရန် ၊ ကျေးလက် လမ်းတံတားများ ဖွံ့ဖြိုးလာစေရန် နှင့် လယ်ယာသုံး စက်ကိရိယာ အသုံးပြုမှု ပိုမိုဖွံ့ဖြိုးလာစေရန် စီမံ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဧပြီလ၁၀ ရက်နေ့ နံနက်ပိုင်းက  ချောင်းမငယ်ဆည်ရေသောက် ဧရိယာအတွင်း သီးနှံ သစ်တော ရောနှောစိုက်ခင်းများ ထူထောင်ရေး လုပ်ငန်းများအား ကွင်းဆင်း စစ်ဆေးစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောသည်။

ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ကျေးရွာသူ ကျေးရွာသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဒေသ၏ စိုက်ပျိုးမွေးမြူရေးဆိုင်ရာများ ၊ လူမှုရေး ကျန်းမာရေးဆိုင်ရာများကို မေးမြန်း ဆွေးနွေး ပြီး ချောင်းမငယ် ဆည် ဧရိယာအတွင်း သီးနှံ သစ်တော ရောနှောစိုက်ခင်း အကောင် အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများ နှင့် ကျေးရွာသူ ကျေးရွာသားများ၏ ပူးပေါင်း ဆောင်ရွက်ပေးရန်  လိုအပ်ချက်များ ကို ဆွေးနွေးခဲ့ကြသည်။

သီးနှံ သစ်တော ရောနှောစိုက်ခင်းများ ထူထောင်ရေးလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက် ပေးခြင်းကြောင့် ဒေသနေပြည်သူများ အနေဖြင့် ယင်းတို့နှစ်သက်ရာ နှစ်ရှည် သစ်ကြီးပင်များ နှင့်အတူ ရာသီ သီးနှံပင်များစိုက်ပျိုးခြင်း၊ မွေးမြူရေး လုပ်ငန်း တွဲဘက် လုပ်ကိုင်ခြင်း တို့ကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ အတွက် လိုအပ် သည့် နည်းပညာနှင့်အကူအညီများကို စိုက်ပျိုးရေး ဦးစီးဌာန ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နှင့် သစ်တောဦးစီးဌာန တို့က ကူညီပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း၊ အလားတူ ဆည်ရေကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေး နှင့် လယ်ယာသုံး စက်ကိရိယာများ အသုံးပြုနိုင်ရေး ၊ ကျေးလက်လမ်း တံတားများ ကုန်ထုတ်လမ်းများ အဆင့်မြှင့်တင်ခြင်း အသစ် ဆောက်လုပ် ပေးခြင်း တို့ကိုလည်း သက်ဆိုင်ရာ ဌာနများက ပေါင်းစပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၊ ချောင်းမငယ်ဆည် လုံခြုံဘေးကင်းရေး နှင့် ရေရှည်အသုံးပြုနိုင်ရန် ၊ သစ်တော ပြုန်းတီးမှု ကို ကာကွယ်နိုင်ရန် ၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကို တစ်ဘက်တစ်လမ်း က ထိန်းသိမ်းပေး နိုင်ရန် တို့ကို မျှော်မှန်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။