ကုလသမဂ္ဂ စားနပ်ရိက္ခာစနစ်များဆိုင်ရာ ထိပ်သီးအစည်းအဝေး (Food Systems Summit-2021) ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် အတူ ကျင်းပ သွားမည်ဖြစ်ရာ အဆိုပါ ထိပ်သီးအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်နိုင် ရေးနှင့် နိုင်ငံအလိုက် စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်ရေးအတွက် ဆက်စပ် ဝန်ကြီး ဌာနများ၊ ပုဂ္ဂလိကကဏ္ဍ အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် ပတ်သက်ဆက်နွယ် နေသူများ၏ အကြံပြုချက်များ၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဆောင်ရွက်သွားရန် အကြို ညှိနှိုင်း အစည်း အဝေးကို ဧပြီလ (၁)ရက်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ရာ ဗဟိုကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ပါဝင်တက်ရောက် ဆွေးနွေးသည်။အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဦးဆောင်ကော်မတီ အဖွဲ့ဝင်များ စုံညီစွာ တက်ရောက် ဆွေးနွေးခဲ့ကြပြီး ကော်မတီဝင်များက သက်ဆိုင် ရာ လုပ်ငန်းကဏ္ဍများ အလိုက် ဆွေးနွေးတင်ပြကြသည်။
ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် ယခင် လယ်ယာကဏ္ဍ ရည်မှန်းချက်သည် စားနပ်ရိက္ခာ တိုးမြှင့်ထုတ်လုပ်ရေး (Food Production) ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် စားနပ် ရိက္ခာများ ၏ ဘေးကင်းမှု၊ အာဟာရ ပြည့်ဝမှုတို့အပေါ် စိန်ခေါ် မှုများကို ရင်ဆိုင်ဖြေရှင်း လာကြ ရသည့်အတွက် အာဟာရပြည့်ဝပြီး ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် စားနပ် ရိက္ခာများ ကို တိုးမြှင့် ထုတ်လုပ်ရန် ဦးတည်လာကြကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှု၊ မြို့ပြများသို့ ပြောင်းရွှေ့နေထိုင်လာမှုများနှင့်အတူ ကမ္ဘာ့ လူသားများ၏ အစားအသောက် အမူအကျင့်နှင့် အစားအသောက်ပုံစံများ သိသာထင်ရှား စွာ ပြောင်းလဲလာခဲ့ခြင်း၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာခြင်း၊ ဇီဝမျိုးစုံ မျိုးကွဲများ ဆုတ်ယုတ်လာခြင်းတို့ကြောင့် အနာဂတ် တွင် နည်းပညာအသုံးပြု အရည်အသွေးမြင့် စားသောက်ကုန်များ ထုတ်လုပ်နိုင်ရေး၊ တန်ဖိုးမြင့်အစားအစာ (Value Added Food)၊ အာဟာရပြည့်ဝ အစားအစာ (Nutritious Food) များ ထုတ်လုပ်နိုင်ရေးတို့အတွက် လက်ရှိ စားနပ်ရိက္ခာ စနစ် ပြုပြင်ပြောင်းလဲ ရေး( Food System Transformation)ကို လုပ်ဆောင်ရန် လိုအပ်လာကြောင်း။ Food System Transformation ကို ၂၀၃၀ တွင် ပြည့်မီအောင် ချမှတ်ဆောင်ရွက်နေသော ကုလသမဂ္ဂ ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုပန်းတိုင် (UN Sustainable Development Goal-SDGs) (၁၇) ချက်နှင့်အညီ ပြည့်စုံအောင် ဆောင်ရွက် သွားရန် ဖြစ်ကြောင်း၊ SDGs များကို ပြည့်မီအောင် ဆောင်ရွက်ရာတွင် အခြားနိုင်ငံများနှင့် ယှဉ်တွဲ၍ မိမိနိုင်ငံ၏ အခြေအနေနှင့်ကိုက်ညီသော ပြုပြင်ပြောင်းလဲ ဆောင်ရွက်နိုင်မည့် လမ်းကြောင်း (Transforming Path Way) များကို ရှာဖွေဖော်ထုတ် ကြရမှာ ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ၏ မူဝါဒ မှာလည်း ဒေသအလိုက် ဝမ်းစာဖူလုံအောင် ဆောင်ရွက်ရေး၊ ပြည်သူလူထု၏ အာဟာရဓါတ် ပြည့်ဝရေးနှင့် သာယာ ဝပြောရေးသည် အဓိက ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံအနေဖြင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုပန်းတိုင် Myanmar Sustainable Development Goals – MSDP ကို ကုလသမဂ္ဂ ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုပန်းတိုင် (UN Sustainable Development Goal-SDGs) (၁၇) ချက်အပေါ် အခြေခံ၍ ရေးဆွဲချမှတ်ပြီး ဝန်ကြီးဌာနများက သက်ဆိုင်ရာ ကဏ္ဍများအသီးသီးမှ အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိရာ လယ်ယာကဏ္ဍ နှင့် သက်ဆိုင်သော စိုက်ပျိုးမွေးမြူ ထုတ်လုပ်သည်မှ ပြုပြင် ထုပ်ပိုးခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ စားသုံးသူ လက်ဝယ်ရောက်ရှိခြင်း၊ အလေအလွင့် နည်းပါးရန် စီမံဆောင်ရွက်ခြင်း အပါ အဝင် ရေရှည်တည်တံ့သည့် စားနပ်ရိက္ခာ စနစ် တစ်ရပ် ဖော်ထုတ်နိုင်ရေး လုပ်ငန်းများကို မိမိတို့အားလုံးက တက်ညီလက်ညီ ပူးပေါင်း ဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ နှင့် ကိုက်ညီမည့်စနစ်တစ်ရပ်ကို ဖော်ထုတ်သွားရာမှာ ကြုံတွေ့လာနိုင်သည့် အချိန်နှင့်ဘဏ္ဍာငွေ အကန့်အသတ်နှင့် ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များ များပြားခြင်းတို့ ကြောင့် ကဏ္ဍစုံမှ ပါဝင်ဆောင်ရွက်နေသူများ ပေါင်းစပ် ဖွဲ့စည်း ပြီး မိမိတို့ သက်ဆိုင်ရာ ကဏ္ဍများအလိုက် တာဝန်ယူ ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ဆွေးနွေးပြောကြားသည်။
မြန်မာနိုင်ငံ၏ စကားဝိုင်းဆွေးနွေးပွဲများ ကို ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ/ တက္ကသိုလ် များ၊ ဆက်စပ်ဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံရှိ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်သူများ၊ ပညာရှင်အဖွဲ့များ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်း၍ နိုင်ငံ အဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအဆင့် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ စကားဝိုင်းများ တွင် မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာစနစ်ပြုပြင် ပြောင်းလဲရေးဆိုင်ရာ အမှန်တကယ် ဆောင်ရွက် နိုင်မည့် မူဝါဒနှင့်လုပ်ငန်းစဉ်များကို ချမှတ်ဖော်ဆောင်နိုင်ရေး ဆွေးနွေး အဖြေရှာ သွားကြ မည် ဖြစ်ကြောင်း သတင်းရရှိသည်။