ချောင်းမငယ်ရေလှောင်တမံ ၏ အနီးဝန်းကျင်တွင် ဆည်အစုအဖွဲ့များ နီးစပ်စွာ တည်ရှိနေခြင်း၊ ဆည်အတွင်း စီးဝင်ရေ ကောင်းမွန်ခြင်း ၊ ရေလွှဲဆည် တဆင့်မခံပဲ ဆည်ရေပေး မြောင်းမကြီး မှ ရေသောက်ဧရိယာသို့ တိုက်ရိုက်ရေပေးဝေနိုင်ခြင်း နှင့် သီးနှံစုံစိုက်ဧရိယာများအား ရေလုံလောက်စွာ ပေးဝေနိုင်သည့်အတွက် ယခုနှစ်ဆည်ရေ ဖြင့် နွေစပါးလျာထားဧက ၄၂၀၀ ဧကခန့်ကို ပြည့်မီအောင် စိုက်ပျိုးလျက်ရှိနေကြောင်း သိရသည်။
ချောင်းမငယ်ရေလှောင်တမံ ဧရိယာအတွင်း ၌ သီးနှံသစ်တောရောနှော စိုက်ခင်း ထူထောင်ရေး နှင့် ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို မတ်လ (၃၀)ရက်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ ၌ ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ် များ တက်ရောက်ကြပြီး ချောင်းမငယ်ရေလှောင်တမံ ဆည်ရေ သောက် ဧရိယာရှိ ကျေးလက် နေ ပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားရေး အတွက် စိုက်ပျိုးရေးလုပ်ငန်းများအပြင် ဝင်ငွေတိုးတက်ရေး မွေးမြူရေး လုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်နိုင်ရေး ၊ ဒေသနေ တောင်သူ လယ်သမားများ၏ စိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းများ တွင် ခေတ်မီနည်းပညာများ အသုံးပြု နိုင်ရေး၊ လယ်ယာ သုံးစက်ကိရိယာများအသုံးပြုမှု ပိုမိုဖွံ့ဖြိုးလာရေး ကျေးရွာ ကုန်ထုတ် လမ်းများ ဖောက်လုပ်ရေးနှင့် လျှပ်စစ်မီးရရှိရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။
နေပြည်တော် လယ်ဝေးမြို့မှ (၁၂) မိုင်ခန့်အကွာ ၊ ပန်းညိုစမ်းကျေးရွာအနီးရှိ ချောင်းမငယ်ရေလှောင်တမံ သည် တမံအမြင့် ၉၆ ပေ ၊ တမံအလျား ၂၁၅၀ ပေ ရှိ မြေသားတမံအမျိုးအစားဖြစ်ကာ ကန်ရေပြည့်ရေလှောင်ပမာဏ(F.T.L) ၉၁၇၇၀ ဧကပေ ရှိပြီး လက်ရှိတွင် ရေလှောင်ပမာဏ ၄၀၈၇၀ ဧကပေ သိုလှောင်ထားရှိသည်။
၂၀၀၆ – ၂၀၀၇ ခုနှစ် တွင် တည်ဆောက်ပြီးစီးခဲ့သည့် အဆိုပါရေလှောင်တမံတွင် တူးမြောင်းမကြီးအလျား ၁၉ မိုင်၊ လက်တံမြောင်းများအလျား ၂၉ မိုင် ၊ တူးမြောင်း အဆောက်အအုံ ၃၉၆ ခု ရှိပြီး ဆည်ရေပေးဝေနိုင်သည့် စိစစ်ပြီး ဧရိယာမှာ ၇၂၁၉ ဧက ရှိသည်။ ထို့အပြင် ရေအားလျှပ်စစ်တပ်ဆင်အား ၅၀ ကီလိုဝပ် တာဘိုင်(၁)လုံး မှ ထွက်ရှိ လာသော လျှပ်စစ်မီးကို အနီးဝန်းကျင်ကျေးရွာများအတွက် ဖြန့်ဖြူးပေးလျက်ရှိသည်။
မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်း ကလည်း ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိ သူများသည် ချောင်းမငယ်ရေလှောင်တမံ နှင့် ဆည်ရေသောက်ဧရိယာအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး နေပြည်တော်ဝန်းကျင် သာယာလှပရေး အတွက် သစ်တော သစ်ပင် ရောနှောစိုက်ပျိုးရေး နှင့် ခရီးသွားဝန်ဆောင်မှု အထောက်အကူပြု ဒေသဝန်းကျင် သာယာ လှပရေး၊ ဆည်၏ ဘေးကင်းလုံခြုံရေးအတွက် သတ်မှတ် ဧရိယာအတွင်း တည်ဆဲ ဥပဒေများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန် ၊ ဆည်ရေသောက် ဧရိယာအတွင်းရှိ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်ပေးရေးနှင့် လူနေမှုအဆင့်အတန်းမြင့်မားရေး ဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြား ခဲ့ကြောင်း သတင်းရရှိသည်။