ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားမှု မြှင့်တင်ခြင်း စီမံကိန်း ကို သက်တမ်း တိုး စီမံကိန်း ကာလ (၁) နှစ်အတွင်းအပြီးဆောင်ရွက်မည်

မြန်မာ့စိုက်ပျိုးရေးကဏ္ဍရှင်သန်နိုးကြားရေးစီမံကိန်းကို စီမံကိန်းပူးပေါင်း ဆောင်ရွက်ရေးယူနစ်(PCU)၊ အမျိုးသားအဆင့် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီနှင့် စီမံကိန်းဆောင်ရွက်ရေးကော်မတီတို့က ဦး‌ဆောင်၍ ၂၀၁၄ ခုနှစ်တွင် နေပြည်တော်ကောင်စီနယ်မြေ(၅)ခုတို့၌ စတင်ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုး‌ရေးဆိုင်ရာ အခြေခံအဆောက်အဦးများ ဖွံ့ဖြိုးရေးကဏ္ဍ၊  အသိပညာဖွံ့ဖြိုး တိုးတက်ရန် ရင်းနှီး မြှုပ်နှံရေးနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပါဝင်သည့် စိုက်ပျိုးရေးနှင့် စီးပွားရေးဝန်ဆောင်မှုကဏ္ဍ စီမံကိန်းစီမံခန့်ခွဲမှုနှင့် ညှိနှိုင်းရေးကဏ္ဍ စသည့် ကဏ္ဍ(၃)ခုဖြင့် စီမံကိန်းကို ဆောင်ရွက်လျက်ရှိသည်။

မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားမှု မြှင့်တင်ခြင်း စီမံကိန်း FARM project အမျိုးသားအဆင့် စီမံကိန်းဦးဆောင် ကော်မတီ (NPSC) ဒုတိယအကြိမ် အစည်းအဝေးကို မတ်လ ၂၅ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာအစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန် နှင့် ဦးစီးဌာနများမှ စီမံကိန်းတာဝန်ရှိသူများတက်ရောက်ဆွေးနွေးခဲ့ကြသည်။

မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားမှု မြှင့်တင်ခြင်း စီမံကိန်း (Fostering Agricultural Revitalization in Myanmar- FARM Project) ကိုအပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုး တိုးတက်မှုငွေကြေး ရန်ပုံငွေ အဖွဲ့ (International Fund for Agriculture Development–IFAD) ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ (၁၆.၆၆၀) သန်း နှင့် ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ (၀.၆၆၉) သန်း ဖြင့် ၂၀၁၄ ခုနှစ်မှ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ စီမံကိန်းကာလ (၆) နှစ် ဆောင်ရွက်ခဲ့ခြင်းဖြစ် သော်လည်း COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် စီမံကိန်းလုပ်ငန်းများနှောင့်နှေး မှု ဖြစ်ပေါ်ခဲ့၍ စီမံကိန်းကာလ () နှစ်ထပ်မံတိုးမြှင့် ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၉ /၂၀၂၀) မှ ခွင့်ပြုချက်ရရှိခဲ့ပြီး အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုငွေကြေးရန်ပုံငွေအဖွဲ့ IFAD နှင့်လည်း သဘော တူညီမှု ရရှိပြီးဖြစ်သည်။

မြန်မာ့စိုက်ပျိုးရေးကဏ္ဍရှင်သန်နိုးကြားရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ချက်များအရ ယနေ့အထိ စိုက်ပျိုးရေးအခြေခံ အဆောက်အဦး ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍတွင် စနစ်ကျ လယ်ယာမြေဖော်ဆောင်ခြင်း (၃၀၅၀.၆၄ ဧက)၊ ရေသွင်းမြောင်း ဖွံ့ဖြိုးရေးလုပ်ငန်း ပေါင်း (၃၉၈၉၀)ခု၊ ရေနှုတ်မြောင်းဖွံ့ဖြိုးရေး လုပ်ငန်းပေါင်း (၁၆၈၅၀၀)ခု ကို ဖော်ထုတ်ဆောင်ရွက်နိုင်ခဲ့ပြီး စိုက်ပျိုးရေ အကျိုးရှိစွာ သုံးစွဲနိုင်ရန် ရေအသုံးချ သူများအဖွဲ့ (၁၂၃)ဖွဲ့ ကို ဖွဲ့စည်းဆောင်ရွက် နိုင်ခဲ့သည်။ အသိပညာ ဖွံ့ဖြိုးတိုးတက်ရန် ရင်းနှီးမြှုပ်နှံ ရေးကဏ္ဍတွင် စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ(KC) (၅၉)ခု၊  စံပြကွက် (၁၅၈၉)ခု၊ သင်တန်းပေး ဆောင်ရွက်မှု (၁၂၈၃၈)ကြိမ်၊ တောင်သူကွင်းသင်တန်းကျောင်း(FFS) ဖွင့်လှစ်နိုင်မှု (၅၉)ကြိမ်၊ အပင်ဆေးခန်း(Pland Clinic)ဖွင့်လှစ်နိုင်မှုပေါင်း (၂၈)ကြိမ် ကို ဆောင်ရွက်ပြီးစီးခဲ့ သည်။ အလားတူ ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍတွင် RBF ထောက်ပံ့ကြေး ရရှိပြီး တောင်သူ CIG အဖွဲ့ (၃၄၅)ဖွဲ့၊ RBF ထောက်ပံ့ကြေးရရှိပြီး မြေယာမဲ့ CIG အဖွဲ့ (၄၃၃) ဖွဲ့ ကိုလည်းကောင်း ဖွဲ့စည်းဆောင်ရွက်နို်ငခဲ့သည်။

ယနေ့ကျင်းပသည့် အမျိုးသားအဆင့် စီမံကိန်းဦးဆောင် ကော်မတီ (NPSC) ဒုတိယအကြိမ် အစည်းအဝေး တွင် သက်တမ်း တိုး စီမံကိန်း ကာလ (၁) နှစ်အတွင်း ဆောင်ရွက်ရန် ကျန်ရှိ သည့် လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အောင်မြင် အောင် အကောင်အထည်ဖော်နိုင်ရန် ဆက်လက် ဆောင်ရွက် မည့် လုပ်ငန်းများကို ချေးငွေ သဘောတူ စာချုပ်ပါ စည်းကမ်းချက်များ နှင့်အညီ ဆက်လက် ဆောင်ရွက်ရန်၊ ရေးဆွဲအတည်ပြုထားသော နှစ်စဉ်လုပ်ငန်းစီမံချက်များအား လျင်မြန် သွက်လက်စွာ ဆောင်ရွက်ရန် နှင့် စီမံကိန်းပူးပေါင်း ဆောင်ရွက်ရေးယူနစ် (PCU)အတွက် ပြည်တွင်းကျွမ်းကျင်ပညာရှင် ငှားရမ်းရေးလုပ်ငန်းများ နှင့် စပ်လျဉ်း၍ ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သတင်းရှိသည်။