ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြန်မာနိုင်ငံ၏ ရေလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် Fish Processing စီးပွားရေး ဇုန်များကို နယ်စပ်တွင် ထူထောင်နိုင်ရေးကြိုးပမ်း

ကမ္ဘာ့ကပ်ရောဂါ  COVID-19 ကြောင့် ထိခိုက်ခဲ့သည့် နိုင်ငံတော်၏ စီးပွားရေး ပြန်လည် ထူထောင်နိုင်ရေး ကြိုးပမ်းအကောင်အထည်ဖော်ရာတွင် ရေလုပ်ငန်းသည်လည်း အရေးကြီး သည့် အခန်းကဏ္ဍမှ ပါဝင်နေလျက်ရှိရာ  ရေထွက်ပစ္စည်းလုပ်ငန်းများ ဖွံ့ဖြိုးရေး အတွက် ပြည်ပစျေးကွက်သို့ တင်ပို့ ရောင်းချနိုင်ရေးသာမက ပြည်တွင်းစားသုံးမှုဖူလုံစေရေး အာဟာရ ပြည့်ဝရေး နှင့် စားသုံးသူ ဘေးကင်းလုံခြုံရေး လုပ်ငန်းများကို အလေးပေး၍ ဒေသနေ ပြည်သူ များ၏ အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ပေးနိုင်ရေး နှင့် ပြည်တွင်း ပြည်ပ စျေးကွက် နှစ်ခုလုံး အတွက် တန်ဖိုးမြင့် ရေထွက်ကုန်ပစ္စည်းများ ထုတ်လုပ်ပေး နိုင်မည့် Fish Processing စီးပွားရေး ဇုန်များပေါ်ထွန်းလာရေးလုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန က ညှိနှိုင်းကူညီ ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် ရေထွက်ပစ္စည်းကုန်ကြမ်းများ တင်ပို့ရောင်းချသည့် အခြေအနေ မှ တန်ဖိုးမြင့်ကုန်ချော ထုတ်လုပ်ရောင်းချသည့် နိုင်ငံအဖြစ် ပြောင်းလဲရပ်တည် နိုင်ရေး ကြိုးပမ်းသွားမှာဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရမည့် အခက်အခဲများကျော်လွှားနိုင်ရန် စိုက်ပျိုးရေး မွေးမြူရေးကိုအခြေခံသည့် စက်မှုလုပ်ငန်း ဇုန်ကြီးများ ကို တိုင်းဒေသကြီး ပြည်နယ်များတွင် ထူထောင်ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာန က လိုအပ်သည့် စီမံကိန်းများရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း မတ်လ (၁၉)ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ ၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ၏ ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် Fish Processing စီးပွားရေး ဇုန်များ ကို နယ်စပ်တွင် ထူထောင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ၌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြား သည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး ၊ ကရင်ပြည်နယ် မွန်ပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့မှ စီမံအုပ်ချုပ်ရေး ကောင်စီမှ တာဝန်ရှိသူများ ၊  ငါးလုပ်ငန်းဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး / ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှူးများ ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် နှင့် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် တို့မှ တာဝန်ရှိ သူများ က Video Conferencing စနစ်ဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။

မြန်မာ့ရေလုပ်ငန်းကဏ္ဍအနေဖြင့် ကမ်းဝေးငါးဖမ်း ရေယာဉ်(၃၂၀၀)စီး၊ ကမ်းနီး ငါးဖမ်း ရေယာဉ်(၁၉၁၉၂)စီး၊ ငါးသယ်ရေယာဉ်(၂၆၀)စီးတို့ဖြင့် ကမ်းရိုးတန်းဒေသများတွင် ဆောင်ရွက်လျက်ရှိသကဲ့သို့ တိုင်းဒေသကြီး ပြည်နယ်များ၌ ငါး/ ပုစွန်မွေးမြူရေးကန် ဧက(၅)သိန်းခန့်၊ စက်ရုံ(၁၂၄)ရုံဖြင့် ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းစားသုံးမှုဖူလုံရုံသာ မက ပြည်ပသို့နှစ်စဉ်တင်ပို့နိုင်မှုကြောင့် ပြည်ပဝင်ငွေရှာဖွေပေးနိုင်သည့် ကဏ္ဍတစ်ခုလည်း ဖြစ်ပြီး COVID-19 အခြေအနေအရ နယ်စပ်ဖြတ်ကျော် တင်ပို့မှု အခက်အခဲများအပေါ် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ ဒေသဆိုင်ရာ ငါးလုပ်ငန်းအသင်းများ၊ ငါးလုပ်ငန်းဦးစီးဌာန တို့က ပူးပေါင်း ဖြေရှင်းဆောင်ရွက်လျက်ရှိသည်။ ယခုအခါ တနင်္သာရီတိုင်းဒေသကြီး၌ ရေထွက်ပစ္စည်းများ တင်ပို့ရောင်းချရာတွင် COVID-19 ကဲ့သို့သော မမျှော်မှန်းနိုင်သည့် ဘေးဒုက္ခ ကြုံတွေ့ချိန်များ တွင် ငါးလုပ်ငန်းကို အဓိက စီးပွား ရေးအဖြစ် ဆောင်ရွက် နေသော ဝယ်သူဈေးကွက်မှ ရောင်းသူ ဈေးကွက်သို့ ပြောင်းလဲရေး၊ ရေခဲရိုက် ငါးကုန်ကြမ်း တင်ပို့မှုမှ ပြုပြင်ထုတ်လုပ်ပြီး ကုန်ချောတင်ပို့ရောင်းချနိုင်ရေးနှင့် မိမိတို့ နိုင်ငံသားမျာ၏ ဝင်ငွေနှင့် အလုပ်အကိုင်ရရှိမှုကို အာမခံချက်ပေးနိုင်ရေးအတွက် Fish Processing ဇုန် ထူထောင်နိုင်ရေးကို  အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ယနေ့ အစည်း အဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။