ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြန်မြန်သိ ချက်ချင်းဖြေရှင်းစနစ်ဖြင့် နွေရာသီ ကျေးလက်ဒေသ ရေရှားပါးမှု ပြဿနာကို အချိန်မီ ဖြေရှင်းပေးနိုင်ရေး ဆောင်ရွက် လျက်ရှိ

ရာသီဥတုပြောင်းလဲလာမှု သဘာဝဘေး အန္တရာယ် ကျရောက်မှု တို့ကြောင့် နွေရာသီ ကာလ တွင် ရေရှားပါးမှု၊ သောက်သုံးရေ မလုံလောက်မှုများကို မြန်မာနိုင်ငံအနှံ့ရှိ ကျေးရွာအချို့၌ ကြုံတွေ့ နေကြရလျက်ရှိရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကလိုအပ်ချက်တစ်ခု ဖြစ်သည့် နွေရာသီ ရေရှားပါး ကျေးရွာများ သောက်သုံးရေရရှိရေး ကျန်းမာသန့်ရှင်းရေးနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေး ဆိုင်ရာ မဟာဗျူဟာနှင့်ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က မျှော်မှန်းချက်ပန်းတိုင် အောင်မြင်အောင် အကောင် အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုဘဏ္ဍာနှစ်အတွင်း ကျေးလက် ရေရှိရေး လုပ်ငန်း ပေါင်း (၁,၉၈၁)ခုကို ဆောင်ရွက်သွားမည်ဖြစ်၍ ကျေးရွာ(၁,၉၃၂)ရွာ ရှိ လူဦးရေ (၁.၄)သန်းခန့် ကို အကျိုးပြုစေမည်ဖြစ်ကြောင်း သိရသည်။နွေရာသီ ရေရှားပါးကျေးရွာများ သောက်သုံးရေရရှိရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကို မတ်လ(၁၇)ရက်နေ့ နံနက် ၁၀ နာရီ အချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက် ကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နေပြည်တော် ၊ တိုင်းဒေသကြီး ၊ ပြည်နယ် ဦးစီးမှူးများ ၊ ခရိုင်ဦးစီးမှူးများနှင့် မြို့နယ်ဦးစီးမှူးများ က Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က မြန်မာနိုင်ငံ၏ လက်ရှိ သောက်သုံးရေရရှိနိုင်မှု အခြေအနေမှာ ၇၇ % ကျော် ရှိပြီဖြစ်ကြောင်း ၊ သို့ရာတွင် ရာသီဥတု ပြောင်းလဲမှုကြောင့်  မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် ဆည်ရေ၊ ကန်များ ဝင်ရေလျော့နည်းခြင်း၊ အပူချိန် တိုးမြင့် လာသဖြင့် ရေများ လျော့နည်း ခမ်းခြောက် လာခြင်းများ ဖြစ်ပေါ် နေမှုကြောင့် နွေရာသီ ရေရှားပါးမှုပြဿနာများကို ဆက်လက်ကြုံတွေ့နိုင်ကြောင်း ခန့်မှန်း သုံးသပ်ချက်များ အရ လိုအပ်သည့် လတ်တလောဖြေရှင်းရမည့်ကိစ္စရပ်များ၊ ကာလတိုနှင့်ကာလရှည် စီမံမှုများ ဆောင်ရွက်သွားရန် လိုအပ်သည့် အစီအစဉ်များနှင့် ရေဖြန့်ဝေမှုစံနှုန်းများတွင် အခြေအနေ ပေးသည့် ဒေသတိုင်း၌ ဒီဇယ်ရေတင်စနစ်မှ Solar စနစ်သို့ ကူးပြောင်းဆောင်ရွက်ရေး အစီအစဉ် များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က နွေရာသီ ရေရှားပါး ပြတ်လပ်နိုင်မှုအခြေအနေများ၊ ရေရှားပါးပြတ်လပ်ပါက ကာလတို၊ ကာလလတ်နည်းလမ်းများဖြင့် ရေရရှိအောင် ဆောင်ရွက်ပေးနိုင်မည့်အစီအစဉ်များ၊ ယခု ဘဏ္ဍာရေးနှစ်တွင် အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေ အနေများ ကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် က ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန အနေဖြင့် နွေရာသီ ရေရှားပါး ကျေးရွာများ သောက်သုံးရေရရှိရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက် သွားမည့် အစီအစဉ်များကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍  တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးများက တိုင်းဒေသကြီး / ပြည်နယ်အလိုက် နွေရာသီရေးရှားပါး ပြတ်လပ်နိုင်မှု အခြေအနေများ နှင့် ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များ ကိုလည်းကောင်း၊ ယခုဘဏ္ဍာရေး နှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများ ကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ဆွေးနွေး မှာကြား ရာတွင် ယခင်က ပူပြင်း ခြောက်သွေ့သော ဒေသများသာကြုံတွေ့ကြရသည့် ရေရှားပါမှု ပြသနာသည် ရာသီဥတုပြောင်းလဲလာမှုကြောင့် ယခုအခါ တောင်ပေါ် မြေပြန့်စသည့် နိုင်ငံအဝှမ်းကြုံတွေ့ နေကြရကြောင်း၊ အဆိုပါပြဿနာအား အောင်မြင်စွာ ဖြေရှင်း ကျော်လွှားနိုင်ရန်  ဦးစီးဌာန တစ်ခုတည်းသာမက အခြားသက်ဆိုင်သည့် ဆက်စပ်ဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များနှင့်လည်း ပူးပေါင်းဆောင်ရွကရန် လိုအပ်မှာ ဖြစ်ကြောင်း၊ သောက်သုံးရေ ဖြန့်ဝေခြင်း ကဲ့သို့သော လတ်တလော ဆောင်ရွက်မည့် အစီအစဉ်များ အပြင် ရေရှားပါး ကျေးရွာများ ၏ အဓိက အကြောင်းအရင်းကို ဖော်ထုတ်ပြီး ကာလတို၊ ကာလလတ် အစီအမံများ ရေးဆွဲ၍ စနစ်တကျ ဆောင်ရွက်ရန် ၊ အမှန်တကယ်ရေရှားပါးသော ကျေးရွာများကို ဖော်ထုတ်ပြီး ထိရောက်သော အစီအမံများ ရေးဆွဲနိုင်ရန် နှင့် ကျေးရွာများ၏ လက်ရှိအခြေအနေ မှန်များကို သိရှိရန် အတွက် တစ်မြို့နယ်ချင်း အလိုက် ကျေးလက် ရေပေးရေး ဆိုင်ရာ စစ်တမ်းများ၊ အချက်အလက်များ ကောက်ယူ ထားရှိရန် လိုအပ်ကြောင်း ၊ တစ်ဆက်တည်းမှာပဲ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို မဟာဗျူဟာလုပ်ငန်းစဉ်များ နှင့်အညီ ဆက်လက် ဆောင်ရွက်ရေး နှင့် ကျေးလက်နေပြည်သူများ စားနပ်ရိက္ခာ ဖူလုံရေး အဟာရပြည့်ဝ စေရေး တို့အတွက် အလွန် အရေးကြီး သည့် သန့်ရှင်းသော သောက်သုံးရေရရှိရေးကို ဦးစားပေး လုပ်ငန်းစဉ် တစ်ရပ်အဖြစ် တာဝန်ရှိသူများက အထူးအလေးထား ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေး ပြောကြားသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်  ကျေးလက်ရေရှိရေး အချက်အလက် စီမံခန့်ခွဲမှုစနစ် (Rural Water Supply –Management Information System RWS-MIS)ကို ဒီဂျစ်တယ်နည်းပညာ အသုံးပြုပြီး ကျေးရွာများ၏ လက်ရှိ ရေသုံးစွဲမှုနှင့် လုပ်ငန်း လည်ပတ်မှု အခြေအနေများကို ကောက်ယူဆောင်ရွက်လျက်ရှိရာ ယမန်နှစ် နွေရာသီကာလ တွင် ကျေးရွာပေါင်း (၃၉၄)ရွာ၌ ရေရှားပါးမှုအခက်အခဲကြုံတွေ့နိုင်ကြောင်း မျှော်မှန်းစီစဉ်ခဲ့ပြီး လက်တွေ့တွင် ကျေးရွာပေါင်း (၃၄၇)ရွာ၌ ရေဖြန့်ဝေခြင်း လုပ်ငန်းများ အချိန်မီ ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် နွေရာသီရေရှားပါးကျေးရွာပေါင်း (၃၀၀)ခန့် ရှိနိုင်ကြောင်း ခန့်မှန်း ထားရှိပြီး မြန်မြန်သိ ချက်ချင်းဖြေရှင်းစနစ်ဖြင့် နွေရာသီ ရေရှားပါးမှု ပြဿနာကို အချိန်မီ ဖြေရှင်းပေးနိုင်ရန် ကြိုတင်သတင်း အချက်အလက် ရယူခြင်း၊ မိုဘိုင်းဖုန်းဖြင့် ကျေးရွာများနှင့် ချိတ်ဆက် ဆက်သွယ်ခြင်း တို့ကို ဆောင်ရွက်ထားရှိကြောင်း သိရသည်။