ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

စိုက်ပျိုး မွေးမြူရေး အထူးပြု စက်မှုဇုံများ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်မည်

မတူညီသည့် ဒေသန္တရဖွဲ့စည်းမှုအခြေအနေအရ တိုင်းဒေသကြီးများနှင့် ပြည်နယ် များ ၌ စိုက်ပျိုးရေး မွေးမြူရေးဆိုင်ရာ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ၊  မြို့ပြ နှင့် ကျေးလက်များအကြား ဆင်းရဲချမ်းသာ ကွာဟမှုလျော့ပါးရေး နှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိရေးတို့အတွက် တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် စိုက်ပျိုးရေးအခြေခံ စက်မှုဇုံများ ထူထောင် ဆောင်ရွက်နိုင်ရန်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန က စီမံကိန်းများ ရေးဆွဲ  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုး မွေးမြူရေးအထူးပြု စက်မှုဇုံများ တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ထူထောင် ဆောင်ရွက်နိုင်ရေး နှင့် ရှေ့ပြေးစံနမူနာစီမံကိန်း ဒေသ အဆိုပြုရွေးချယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ ၁၅ ရက် နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ် ရာ ညှိနှိုင်းအစည်း အဝေး သို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးပြောကြားရာ၌ လယ်ယာထွက်ကုန်များကို အကျိုးအမြတ် ပိုမိုရရှိစေမည့် တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး သာမက ဒေသနေ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးကို အဓိကထား မျှော်မှန်း ဆောင်ရွက်ရန် ၊ ရှေ့ပြေးစံနမူနာ စီမံကိန်း ဒေသ အဆိုပြုရွေးချယ်ရာတွင် ထည့်သွင်း ဆောင်ရွက်ရန် လိုအပ်သည့် ကိစ္စရပ်များကို လည်းကောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြန်မာ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ ဇော်ဦး က စီမံကိန်း ဆိုင်ရာ မဟာဗျူဟာ နှင့်အခြေခံမူဘောင်များ နှင့် အခြားနိုင်ငံများမှ အတွေ့အကြုံများ ကို ရှင်းလင်းဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က စီမံကိန်းတွင် ထည့်သွင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များကိုဖြည့်စွက် ဆွေးနွေးသည်။

ထို့နောက် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ က စိုက်ပျိုး မွေးမြူရေးအထူးပြု စက်မှုဇုံ ရှေ့ပြေးစံနမူနာ စီမံကိန်း ဒေသ အဆိုပြုရွေးချယ်နိုင်ရေး ဆိုင်ရာကိစ္စရပ်များနှင့် စီမံကိန်း လုပ်ငန်း ဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် ဆွေးနွေး တင်ပြ ခဲ့ကြကြောင်း သတင်းရရှိသည်။