ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

တစ်ဧကချင်း တောင်သူတစ်ဦးချင်းစီ၏ ထုတ်လုပ်မှုစွမ်းအား တိုးတက်ရေးအတွက် မြစ်ရေတင်လုပ်ငန်းများက ပံ့ပိုးပေးနိုင်ရေး ကြိုးပမ်း။

ပြောင်းလဲသက်ရောက်လာသော ရာသီဥတုဖြစ်စဉ်များကြောင့် စိုက်ပျိုးရေ လုံလောက်စွာ အသုံးပြု နိုင်ရေး အပေါ် ထိခိုက်မှုမရှိစေရန် မိမိတို့ဝန်ကြီးဌာနက ဘက်စုံ ထောင့်စုံ နည်းလမ်းများဖြင့် တီထွင်ကြံဆ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက် ရာတွင် စိုက်ပျိုးရေရရှိရေး နှင့် ဒေသဖွံ့ဖြိုးရေးအတွက် အရေးကြီးသည့် အခန်း ကဏ္ဍတစ်ခု မှ ပါဝင်နေသော  မြစ်ရေတင် လုပ်ငန်းများ ဖွံ့ဖြိုးရေး ၊ အခြေအနေ ပေးသည့် ဒေသများတွင် ဆိုလာစနစ် အသုံးပြု၍ မြစ်ရေတင် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးကို အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း မတ်လ ၁၂ ရက် နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ ၌ ကျင်းပ ပြုလုပ်သည့် တစ်ဧကချင်း တောင်သူတစ်ဦးချင်းစီ၏ ထုတ်လုပ်မှု စွမ်းအား တိုးတက်ရေး အတွက် မြစ်ရေတင်လုပ်ငန်းများက ပံ့ပိုးပေးနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး တွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ အစည်းအဝေး သို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန များ မှ ညွှန်ကြား ရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး  တိုင်းဒေသကြီး ပြည်နယ် တာဝန်ခံများ က သက်ဆိုင်ရာဒေသများမှ အွန်လိုင်းစနစ်အသုံးပြု တက်ရောက် ခဲ့ကြသည်။

အစည်းအဝေးတွင် မြစ်ရေတင်ဧရိယာအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ခေတ်မီ နည်းပညာများ အသုံးပြု၍ စနစ်တကျ ဆောင်ရွက်စေခြင်းဖြင့် ရေကို အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်ရန် တောင်သူပညာပေး စံနမူနာပြ ဆောင်ရွက်ပေးခြင်း ၊ လိုအပ်သော နည်းပညာ များ ကူညီပံ့ပိုး ပေးခြင်းတို့ လုပ်ဆောင်ရန် လိုအပ်ချက်များ ကိုလည်းကောင်း၊ ရေအသုံးချ သူများ အဖွဲ့(WUG)များ ၊ ရေအသုံးချ သူများအသင်း(WUA)များ တိုးချဲ့ဖွဲ့စည်း ဆောင်ရွက် ပေးနိုင်ရေးနှင့် ယင်းတို့၏ စွမ်းဆောင်ရည် မြှင့်တင်ရေး အတွက် စီမံ အုပ်ချုပ်မှုဆိုင်ရာ အသိပညာပေးဆောင်ရွက်ရန်ကိစ္စရပ်များ ကိုဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှာကြားရာတွင် သီးနှံထုတ်လုပ်မှုနှုန်းမြင့်မားရေး အတွက် အဓိကဖြစ်သော လုံလောက်ပြည့်ဝသည့် ရေရရှိရေးမှတစ်ဆင့် စက်မှုလယ်ယာ ကူးပြောင်းရေး နှင့် စက်မှုကုန်ထုတ် လုပ်ငန်းများဖြစ်ပေါ်လာသည်အထိ အောင်မြင်လာမည် ဖြစ်ကြောင်း၊ မြစ်ရေတင် စိုက်ပျိုးမှု၊ ဆည်ရေ အသုံးပြုမှု၊ မြေအောက်ရေ အသုံးပြုမှု၊ ရေထိန်းသိမ်း သိုလှောင်မှု စသည်ဖြင့် နည်းလမ်းမျိုးစုံ ဖြင့် ဆောင်ရွက်ရာတွင် စိုက်ပျိုးရေသာမက သောက်သုံးရေ ၊ ကျွဲ နွား တိရစ္ဆာန် မွေးမြူရေးလုပ်ငန်းသုံးရေပါမကျန် ဖူလုံစွာ အသုံးပြု နိုင်ရေးအတွက် ထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်း စနစ်များ ဖြင့် လယ်ယာကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန် ဦးတည်ချက်ထား ကြိုးပမ်း လျက်ရှိရာ ရေတင်စီမံကိန်းဧရိယာများတွင် ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိပြီး စျေးကွက်ဝင် သီးနှံများ  စိုက်ပျိုး ထုတ်လုပ်နိုင်ရေး အတွက် သီးနှံပုံစံများကို စနစ်တကျ ပြောင်းလဲ ကျင့်သုံး သွားရန် လိုအပ်လျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် စက်မှု လယ်ယာ စနစ်သို့ အပြည့်အဝကူးပြောင်းနိုင်ရေး ၊ မြေအောက်ရေများ ထုတ်ယူအသုံး ပြုနိုင်ရေး၊ အခြေအနေ ပေးသည့် ဒေသများတွင် ချောင်းပိတ်မြောင်းပိတ်များ ဆောင်ရွက်ရေး ၊ ရေအသုံးချသူ အစု အဖွဲ့နှင့် အသင်းများပိုမိုအားကောင်း ခိုင်မာလာအောင် ဆောင်ရွက်ရေး၊ ရေတင်စနစ်များမှ ရေများကို အလေအလွင့်အနည်းဆုံး နှင့် အကျိုးရှိစွာအသုံးပြုနိုင်ရေး၊ ရေအနည်းလို သီးနှံများ နှင့် တန်ဖိုးမြင့်သီးနှံများ ၊ မွေးမြူရေးလုပ်ငန်းများ အစားထိုး လုပ်ကိုင်နိုင်ရေး တို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။