ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

လယ်ယာကဏ္ဍတစ်ခုလုံး၏ ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းများ ထိရောက်စွာရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း။

မြန်မာနိုင်ငံ၏ စီးပွားရေး အသွင်သဏ္ဍပြောင်းလဲမှုဆောင်ရွက်ရာတွင် လယ်ယာ ကဏ္ဍ အနေဖြင့် စားနပ်ရိက္ခာဖူလုံရေးအပြင် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်ရေး ကိုပါ အဓိကထား စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ ရေးဆွဲ အကောင်အထည် ဖော်ရာ၌ သီးနှံ သားငါး ထုတ်လုပ်မှု သာမက ကုန်ချောအဆင့် အထိ ထုတ်လုပ်မှု ကွင်းဆက် တလျှောက်လုံးအတွက် အကြုံးဝင်မည့် အစီအမံများ ကို စီမံကိန်းများတွင် ထည့်သွင်းရေးဆွဲ ဆောင်ရွက်ရန်လိုအပ်ကြောင်း မတ်လ ၁၀ ရက် နေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် (၁၅) ၌ ကျင်းပပြုလုပ်သည့် လယ်ယာကဏ္ဍ တစ်ခုလုံး၏ ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းများ ထိရောက်စွာရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။လယ်ယာကဏ္ဍဆိုင်ရာ စီမံကိန်းတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးသည့် အဆိုပါ အစည်းအဝေးတွင် နောင်တိုးပွားလာမည့် လူဦးရေ သန်းတစ်ရာခန့်၏ စားနပ်ရိက္ခာ နှင့် အာဟာရဓာတ်ဖူလုံရေး အတွက် ဆန်စပါး အပါအဝင် အဓိကသီးနှံ သားငါးများ ထုတ်လုပ်မှုဆိုင်ရာ ရေရှည် စီမံကိန်းများ ရေးဆွဲ ဆောင်ရွက်ရေး ၊ တိုင်းဒေသကြီးများ နှင့် ပြည်နယ်များ အကြား ၊ မြို့ပြ နှင့် ကျေးလက်ဒေသများ အကြားရှိ ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းသွားစေရန် လယ်ယာ ကဏ္ဍက အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများတွင် ဒေသဆိုင်ရာဖွံ့ဖြိုးရေး အစီအစဉ်များ ထည့်သွင်းဆောင်ရွက်ရန် ကိစ္စရပ်များ၊ ယင်းသို့ စီမံကိန်းလုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြန်မာ နိုင်ငံက ပါဝင်နေသည့် ဒေသဆိုင်ရာ အဖွဲ့ အစည်းများ၊ နိုင်ငံအချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်များ ၊ နိုင်ငံတကာငွေကြေး ထောက်ပံ့မှု အစီအစဉ်များ နှင့် ဆက်သွယ်ဆောင်ရွက်ရာ၌ ဝန်ကြီးဌာန က ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း လုပ်ငန်းများနှင့်အညီ လိုအပ်သည့် စီမံကိန်းများရရှိအောင် ညှိနှိုင်းဆောင်ရွက်ရေး၊ အထောက်အပံ့ ချေးငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း လုပ်ငန်းများ အား သွက်လက်မြန်ဆန်စွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင် ဆောင်ရွက်ရေး ၊ လက်ရှိဖြစ်ပေါ်ပြောင်းလဲနေသည့် ရာသီဥတုနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် ထုတ်လုပ်မှုပုံစံများ ပြောင်းလဲကျင့်သုံးရေး၊ မိုးရွာသွန်းမှု သိသာစွာ လျော့နည်းခဲ့သဖြင့် နိုင်ငံတစ်ဝှမ်းရှိ ဆည်ရေလှောင်တမံများ ဝင်ရေ သိုလှောင်နိုင်မှု နှင့် စိုက်ပျိုးရေပေးဝေနိုင်မှု လျော့နည်းကျဆင်းခဲ့ခြင်းအပေါ် ရေအနည်းလို သီးနှံများ နှင့် တန်ဖိုးမြင့်သီးနှံများ ၊ မွေးမြူရေးလုပ်ငန်းများကိုပြောင်းလဲ အစားထိုး လုပ်ကိုင်နိုင်ရေး နှင့် ကျေးလက်ဒေသ လူမှုစီးပွားရေး တိုးတက်စေမည့် လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်မည့် အစီအမံများ ပါဝင်သည့် စီမံကိန်းများ ပြင်ဆင်ရေးဆွဲရေး ၊ ဆည်တမံများရှိ ရေများနှင့် မြစ်ရေတင်များမှ ရေများကို အလေအလွင့်အနည်းဆုံး နှင့် အကျိုးရှိစွာအသုံးပြုနိုင်မည့် စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။