ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

စက်မှုလယ်ယာစနစ်သို့ အောင်မြင်စွာ ကူးပြောင်းရေး အတွက် သုတေသန နှင့် ပညာပေးလုပ်ငန်းများကို ဌာနအားလုံး ပေါင်းစည်း ဆောင်ရွက်သွားမည်

လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ အပြည့်အဝကူးပြောင်းရေး ၊ လယ်ယာသုံး စက်ကိရိယာများ ရင်းနှီးမြုပ်နှံမှုနှင့် ထိုက်တန်သည့် အကျိုးစီးပွားရရှိစေရန် ဆိုင်ရာ စက်ကိရိယာ ၏ စွမ်းအားကို အပြည့်အဝ အသုံးချနိုင်ရေး ၊ တစ်ဧကထုတ်လုပ်မှု နှင့် လယ်ယာ လုပ်သားတစ်ဦးချင်း ၏ ထုတ်လုပ်မှု စွမ်းအားမြှင့်တင် ပေးနိုင်ရေး၊  လယ်ယာသုံး စက်ကိရိယာ သုတေသနလုပ်ငန်းများ နှင့် နည်းပညာပေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေး ၊ စက်မောင်း စက်ပြင်လုပ်ငန်း အပိုပစ္စည်း ရောင်ဝယ်ခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ မြှင့်တင်ပေးရေး အပါအဝင် စက်မှုလယ်ယာ လုပ်ငန်း ကို အခြေခံသည့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင် ပေးနိုင်ရေး စသည့် စက်မှုလယ်ယာစနစ်သို့ အောင်မြင်စွာ ကူးပြောင်း ရေး လုပ်ငန်းများ ကို သက်ဆိုင်ရာ လုပ်ငန်း ဌာနအားလုံး ပေါင်းစည်းဆောင်ရွက်ရေးကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန က အလေးထား ဆောင်ရွက်သွား မည်ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည် ဖေဖော်ဝါရီလ ၂၇ ရက် နေ့ နံနက်ပိုင်းက ဝန်ကြီးဌာန အောက်ရှိ သက်ဆိုင်ရာ ဦးစီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စု နယ်မြေ နေပြည်တော် ရေဆင်းရှိ စက်မှုလယ်ယာသင်တန်းကျောင်း သို့ ရောက်ရှိကြပြီး စက်မှုလယ်ယာဦးစီးဌာန နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန တို့ ပူးပေါင်း ဆောင်ရွက်လျက် ရှိသော အသုံးချစက်မှုလယ်ယာသုတေသနလုပ်ငန်း နှင့် နည်းပညာ ပြန့်ပွားရေး လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးကြပြီး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် လယ်ယာသုံးစက်ကိရိယာ ဝန်ဆောင်မှုလုပ်ငန်းများ လျင်မြန်စွာ တိုးတက်လျက်ရှိပြီး လက်ရှိ စက်မှုလယ်ယာဝန်ဆောင်မှုအသင်း ၁၃၅ သင်း ကို ခိုင်မာသော စီးပွားရေးလုပ်ငန်းများအဖြစ် တိုးချဲ့ဖွဲ့စည်းနိုင်ရေး နှင့် သမဝါယမအသင်းများအဖြစ် ဖွဲ့စည်းဆောင်ရွက်နိုင်ရေး တို့အတွက် အားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ အားကောင်းသော လယ်ယာလုပ်ငန်း အခြေပြု စီးပွားရေးလုပ်ငန်းများ ပေါ်ပေါက်လာစေရန် စီမံအုပ်ချုပ်ရေး ဆိုင်ရာ ၊ ငွေကြေး စီမံခန့်ခွဲမှု ဆိုင်ရာ နည်းပညာများ ကိုလည်း သက်ဆိုင်ရာ ဌာနများက ပူးပေါင်းကူညီ ပံ့ပိုးပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။

သာမန်ထွန်ယက်ခြင်းမှ မြေဆီလွှာဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များပါ ထည့်သွင်း၍ စနစ်တကျဆောင်ရွက်နိုင်ရေး၊ သီးနှံ အရည်အသွေးနှင့် ထုတ်လုပ်မှု စွမ်းအားမြှင့်တင်နိုင်ရေး အပြင် အသားထုတ်လုပ်မှု၏ အဓိကအရင်းအမြစ် ဖြစ်သော မွေးမြူရေးတိရစ္ဆာန် အစားအစာများ စိုက်ပျိုးထုတ်လုပ်ရေး အတွက် သီးထပ်စိုက်ပျိုးနိုင်ရေး၊ ထွန်ယက်စိုက်ပျိုးသည်မှ ရိတ်သိမ်းပြီးနောက်ပိုင်း လုပ်ငန်းစဉ်များတွင် စက်စွမ်းအား အပြည့် အဝ အသုံးပြုနိုင်ရေး၊ သွင်းအားစု ပိုးသတ်ဆေးများ အသုံးပြုရာ တွင် စက်များအသုံးချ၍ တောင်သူများ ထိရောက်စွာနှင့် စီးပွားရေးတွက်ခြေကိုက်ပြီး ဘေးကင်းလုံခြုံစွာ ဆောင်ရွက် နိုင်ကြစေရန် စက်ကိရိယာ အသုံးပြုမှု လက်တွေ့ သရုပ်ပြ ပညာပေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်ပေးမည်ဖြစ်သည်။

အလားတူ စိုက်ပျိုးရေးသိပ္ပံအပါအဝင် နည်းပညာသိပ္ပံကျောင်းဆင်းမောင်မယ်များအား လုပ်ငန်းခွင်တိုက်ရိုက်ဝင်ရောက်ခွင့် အာမခံချက်ပေးနိုင်သည့် လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှု လက်မှတ်ရသင်တန်းများ တိုးချဲ့ဆောင်ရွက်ပေးနိုင်ရေးကိုလည်း စီမံဆောင်ရွက် လျက် ရှိကြောင်း သတင်းရရှိသည်။