လယ်ယာကဏ္ဍ သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ဝင်ငွေရ ဆောင်းသီးနှံများ ယခင်နှစ်ကထက် ပိုမို စိုက်ပျိုး ထုတ်လုပ်နိုင်မည့် အလားလာရှိ

         ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ် မိုးရာသီကာလများတွင် နိုင်ငံတစ်ဝှမ်းလုံး၌ မိုးရွာသွန်းမှု လျော့နည်းခဲ့ရာ ဆည်များရေဝင်ရောက်မှု ပုံမှန်ထက် လျော့နည်းခဲ့သဖြင့် ယခုနှစ် နွေစပါး ရာသီကာလ စိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိုင်မှုမရှိခြင်းကြောင့် ယခင်နှစ်များကထက် နွေစပါးစိုက်ဧက(၅)သိန်းခန့် လျော့နည်းနိုင်သော်လည်း တောင်သူလယ်သမားများအနေဖြင့် ဝင်ငွေရဆောင်းသီးနှံများအား ပြောင်းလဲစိုက်ပျိုး ကြကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ သီးနှံစိုက်ပျိုးထုတ် လုပ်မှု အစီရင်ခံစာများအရ သိရှိရသည်။

         လက်ရှိ ဆောင်းရာသီကာလ၌ ဆီထွက်သီးနှံများ၊ ပဲအမျိုးမျိုး၊ အစေ့ထုတ်ပြောင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ အာလူး စသည့် ဝင်ငွေရ သီးနှံများအား ယခုနှစ် ဖေဖော်ဝါရီလ (၁၅)ရက်နေ့အထိ စုစုပေါင်းဧက (၁၀ ဒဿမ ၃၆) သန်း စိုက်ပျိုးပြီးစီး ကြောင်း၊ ယခင်နှစ်ကာလတူစိုက်ဧကနှင့် နှိုင်းယှဉ်ပါက (၉၅ ဒဿမ ၃၃ ရာခိုင်နှုန်း) စိုက်ပျိုးပြီးစီး နေကြောင်း နှင့် ဆက်လက်စိုက်ပျိုးမှုများလည်း ရှိနေကြောင်း တွေ့ရှိရ သဖြင့် ဆောင်းသီးနှံ စိုက်ပျိုးကာလမှာလည်း ယခုနှစ် မတ်လကုန်ခန့်အထိ ဖြစ်ရာ ယခင်နှစ်ကထက် ဝင်ငွေရ ဆောင်းသီးနှံများ ပိုမိုစိုက်ပျိုးနိုင်မည့် အလားလာရှိကြောင်း ခန့်မှန်းသိရှိရသည်။

         ထို့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် လက်ရှိ ဆည်များ၏ ရေလက်ကျန် အနေ အထားအရ ယခုနှစ် နွေစပါးစိုက်ပျိုးရာသီအတွက် ရေလုံလောက်စွာ ပေးဝေနိုင်မှုမရှိ သော်လည်း လာမည့် ၂၀၂၁ ခုနှစ် မိုးစပါးရာသီကာလတွင် ဆည်ရေသောက် ဧရိယာ များ၌ တောင်သူ လယ်သမားများ စပါးစိုက်ပျိုးရန် ဖြည့်စွက်ရေ ပေးဝေနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။