ငါး-ပုစွန်ဆိုင်ရာ သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ကမ်းဝေးငါးဖမ်းရေယာဉ်များအား သတ်မှတ်ကာလထက် (၁၅)ရက် တိုးမြှင့်ခွင့်ပြု

မြန်မာ့ပင်လယ်ငါးလုပ်ငန်း ရေပြင်အတွင်း ငါးသယံဇာတ မပြုန်းတီးရေး၊ ပြည်တွင်း စားနပ် ရိက္ခာ ဖူလုံမှုအထောက်အပံ့ဖြစ်ရေး၊ ပြည်ပဝင်ငွေရရှိရေးအတွက် သတ်မှတ် စည်းမျဉ်း စည်းကမ်း များ နှင့်အညီ ပင်လယ်ကမ်းဝေး ငါးဖမ်းလုပ်ငန်းအား ကုမ္ပဏီရေလုပ်ငန်းရှင်များနှင့် ပုဂ္ဂလိက တစ်ပိုင် တစ်နိုင် လုပ်ကိုင်သူများသို့ နှစ်စဉ် လုပ်ကိုင်ခွင့်ပြု ဆောင်ရွက်ပေး လျက် ရှိရာတွင်  ၂၀၂၀-၂၀၂၁ ခုနှစ် ငါးဖမ်းရာသီကာလမှာ (၁-၉-၂၀၂၀)ရက်မှစတင်ခဲ့ပြီး (၃၀-၄-၂၀၂၁) ရက် ၌ ခွင့်ပြု ကာလ သက်တမ်းများ ကုန်ဆုံးမည် ဖြစ်သည်။

         အဆိုပါ မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်း ကမ်းဝေးငါးဖမ်းလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်နေသော နိုင်ငံသားပိုင်ကမ်းဝေး ငါးဖမ်းရေယာဉ်များသည် ယခုအခါ ငါးဖမ်းခရီးစဉ် တတိယအခေါက်ကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိနေကြပြီဖြစ်သည်။ ငါးဖမ်းရေယာဉ်များ အနေဖြင့် သတ်မှတ် ခွင့်ပြု ငါးဖမ်းရက် (၆၀) ပြည့်ပါက သက်ဆိုင်ရာဆိပ်ကမ်းအသီးသီးသို့ ပြန်လည်ဝင်ရောက် ရမည်ဖြစ်သော် လည်း လက်ရှိအချိန်တွင် COVID-19 ကပ်ရောဂါကြောင့် ရေလုပ်ငန်း ကဏ္ဍ ၌ အထိုက် အလျောက် ထိခိုက်နစ်နာဆုံးရှုံးမှုများရှိနေပြီး ဖမ်းမိ ရေထွက် ပစ္စည်းများ အား ပြည်ပတင်ပို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ဝယ်လိုအား လျော့နည်း နေခြင်း၊ ဝယ်ယူလိုသူ၏ သတ်မှတ်သော စျေးနှုန်း မှာ လက်ရှိ အခြေအနေအရ တွက်ခြေကိုက်မှု မရှိခြင်း၊ ပြည်တွင်းရောင်း ရေထွက် ပစ္စည်းများအပေါ် တွင်လည်း ကုမ္ပဏီများက အကြွေးစနစ် ဖြင့် ဝယ်ယူနေကြ၍ ရေလုပ်ငန်း ရှင်များအနေဖြင့် ငါးဖမ်း တစ်ခေါက် ထပ်မံ ပြန်လည်ထွက်ခွာ နိုင်ရေးအတွက်ပင် အခက်အခဲများ ကြုံတွေ့နေရကြောင်းသိရှိရပါသည်။

အဆိုပါ အခက်အခဲများ အပေါ် အထိုက်အလျောက် သက်သာစေရေး အတွက် လည်းကောင်း၊ ငါးဖမ်းရက် တိုးမြှင့်ပေးခြင်းဖြင့် ရေလုပ်ငန်းရှင်များအတွက် ငါးဖမ်းဆီးရေး လုပ်ငန်း ရရှိချိန် အချိန်ကာလ ပိုမိုလာပြီး ငါးများ ပိုမိုဖမ်းဆီးနိုင်ရန် အတွက် အခွင့်အလမ်းပိုမို ရရှိရန် အတွက် လည်းကောင်း၊ လက်ရှိ ပင်လယ်ပြင် ငါးဖမ်း ကွက်ရှိ ငါးဖမ်းရေယာဉ်များအား သက်ဆိုင်ရာ စစ်ဆေးရေးစခန်းများမှ ထွက်ခွာ ခွင့်ပြု လှေ ထွက်စာအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လ (၁၇) ရက်နေ့မှ မတ်လ ပထမပတ် အတွင်း ခွင့်ပြု ငါးဖမ်းကာလ ရက်ပေါင်း(၆၀) ကုန်ဆုံးမည့် ငါးဖမ်းရေယာဉ်များအား ထပ်မံ၍ ငါးဖမ်းရက် (၁၅)ရက်ကို တိုးမြှင့်ဖမ်းဆီးခွင့်ပြုကြောင်း  ငါးလုပ်ငန်း ဦးစီးဌာနက အသိပေး ကြေညာ ထားပြီး ဖြစ်သည်။          အဆိုပါ ကြေငြာချက်အရ ငါးလုပ်ငန်းရှင်များ အနေဖြင့် ယခုနှစ်ငါးဖမ်းရာသီမကုန်မီ လုပ်ငန်း များ အရှိန်အဟုန်မပြတ်ဆက်လက်ဆောင်ရွက်နိုင်ကြမည်ဖြစ်၍  ပြည်ပသို့ နှစ်စဉ် ငါးမျိုးစုံတန်ချိန် (၆.၆၉) သိန်းခန့် တင်ပို့ နေသည့် ငါးလုပ်ငန်းကဏ္ဍဆောင်ရွက်နေမှုကို အထောက်အကူ ပြုစေမည်ဖြစ်ကြောင်း သတင်းရရှိသည်။