လယ်ယာကဏ္ဍ သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

၂၀၂၀ ခုနှစ် မိုးစပါးရာသီ စိုက်ပျိုးထုတ်လုပ်မှုမှ ဆန်တန်ချိန် (၁၃)သန်းကျော် ထွက်ရှိနိုင်မည်ဟု သိရှိရ

          နိုင်ငံတော်တစ်ဝှမ်းလုံးရှိ တောင်သူလယ်သမားများ က ၂၀၂၀ ခုနှစ် မိုးရာသီ၌ မိုးစပါး ဧကစုစုပေါင်း(၁၅)သန်းနီးပါးခန့် စိုက်ပျိုးခဲ့ရာတွင် ယခုအခါ ဒေသ အသီးသီး၌ စပါးများ ရင့်မှည့်၍ ကောင်းစွာရိတ်သိမ်းမှုများ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန် အထိ အဆိုပါစိုက်ဧကများမှ ဧက(၁၄.၅)သန်းကျော် ရိတ်သိမ်း ပြီးစီး ခဲ့ကြောင်း နှင့် ကျန် စိုက်ဧကများ ကိုလည်း ရင့်မှည့်ချိန်အလိုက် အချိန်မီ ရိတ်သိမ်းလျက် ရှိရာတွင် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ထုတ်ပြန်သော ခန့်မှန်း ကိန်းဂဏန်းများအရ စုစုပေါင်း ဆန်တန်ချိန်(၁၃.၄)သန်းကျော်ခန့် ထွက်ရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ၂၀၂၁ ခုနှစ် နွေစပါးစိုက်ပျိုးမှုအနေဖြင့် ၁၅-၂-၂၀၂၁နေ့အထိ ဧက (၁.၈)သန်း ကျော် စိုက်ပျိုးပြီးဖြစ်သကဲ့သို့ ရေလှောင်တမံ၊ ရေလွှဲဆည်၊ ကန်၊ ရေတံခါး၊ ချောင်းပိတ် မြောင်းပိတ်၊ မြစ်ရေတင် နှင့် အခြားရေရရှိရေးနည်းလမ်းများမှ ယခုနှစ် နွေသီးနှံ စိုက်ဧက (၂)သန်းခန့်ကို စိုက်ပျိုးရေ ပေးဝေနိုင်မည်ဟု ခန့်မှန်းထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က သိရှိရသည်။          နိုင်ငံတော်၏ စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနအသီးသီးမှ အစဉ်တစိုက် ပံ့ပိုး ဆောင်ရွက်ပေးလျက် ရှိရာတွင် တောင်သူလယ်သမားများလိုအပ်သော စိုက်ပျိုးရေး ဆိုင်ရာ နည်းပညာနှင့် အကူ အညီများ၊ မွေးမြူရေးဆိုင်ရာကိစ္စရပ်များ၊ မြေယာ အသုံးချမှု ဆိုင်ရာကိစ္စရပ်များနှင့် သွင်းအားစု အပါအဝင် စိုက်ပျိုးရေးဆိုင်ရာ ကိရိယာတန်ဆာပလာများ ဝယ်ယူရေးအတွက် လိုအပ်သော စိုက်ပျိုးစရိတ် ချေးငွေ ရရှိရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း သက်ဆိုင်ရာဌာနများ ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ နှင့် ညှိနှိုင်း ပံ့ပိုး ဆောင်ရွက်ပေးလျက် ရှိကြောင်းသတင်းရရှိသည်။