ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ကျေးလက်ဒေသနေ ပြည်သူများ ဝင်ငွေတိုးတက်ရရှိရေး နှင့် လူနေမှု အဆင့်အတန်း မြင့်မားရေး လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်လျက်ရှိ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန သည် လယ်ယာကဏ္ဍကြီး တွင် ပါဝင်သည့် စိုက်ပျိုးမွေးမြူထုတ်လုပ်သူ တောင်သူလယ်သမားများ နှင့် ကျေးလက်နေ ပြည်သူများ လယ်ယာ လုပ်ငန်းမှ ဝင်ငွေများ တိုးတက်ရရှိရေး၊ လူနေမှုအဆင့်အတန်း မြင့်မားရေး ၊ ဒေသနေ ပြည်သူများ ကိုယ်တိုင် မိမိရပ်ရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ တွင် ကိုယ်တိုင်စီမံအုပ်ချုပ်နိုင်စွမ်း ရှိစေရေးအတွက် စွမ်းဆောင်ရည် မြှင့်တင် ပေးခြင်း နှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ အခြားအသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ မှ ဝင်ငွေ တိုးတက်ရရှိ ရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။ ယင်းသို့ဆောင်ရွက်ရာတွင် နည်းလမ်းမျိုးစုံဖြင့် ဖြည့်ဆည်းပေးနိုင်ရေး၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် အဓိကအရေးပါသော ကျေးရွာများ ဖွံ့ဖြိုးတိုးတက် မှု အရှိန်အဟုန် ကောင်းမွန်လာစေရန် ကျေးလက်နေလူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေး၊ အသက်မွေးဝမ်းကျောင်း ပညာများ ကျွမ်းကျင်စွာ တတ်မြောက် ရေး၊ ဒေသအလိုက် အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးကို သက်ဆိုင်ရာ ဦးစီးဌာနများအနေဖြင့် ပူးပေါင်းပြီး အထူး အလေးထား စီမံဆောင်ရွက် သွားမည် ဖြစ်ပါသည်။

အလားတူ လယ်ယာ ကဏ္ဍတွင်လည်း GAP , GAqP , GAHP စသည့် ခေတ်မီ နည်းစနစ် များ အသုံးပြုနိုင်ရန်၊ အစားအစာဘေးကင်း လုံခြုံရေးနှင့် အာဟာရ ပြည့်ဝစွာ ထုတ်လုပ်နိုင်ရန် ၊ ဝင်ငွေ နှင့် အကျိုးအမြတ် ပိုမိုရရှိစေမည့် သီးနှံအမယ်သစ်များ ပြောင်းလဲ စိုက်ပျိုး ထုတ်လုပ်နိုင်ရန် ၊ အစိုးရဌာနဆိုင်ရာများ ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ ၊ ဘဏ်များ နှင့် ငွေကြေးအဖွဲ့အစည်းများ၊ တောင်သူများပူးပေါင်း၍ ခေတ်မီ စိုက်ပျိုးမွေးမြူရေး စနစ် ထူထောင်ဆောင်ရွက်ပြီး ပြည်တွင်း ပြည်ပ စျေးကွက် ရရှိရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်း GAP ကျင့်စဉ် နှင့် အော်ဂဲနစ်စိုက်ပျိုးနည်း စနစ်များကို စိုက်ပျိုးထုတ်လုပ်သူများက စိတ်ဝင်တစား လုပ်ကိုင်လာမှုများရှိနေသကဲ့သို့ ယင်းထွက်ကုန်များအပေါ် စားသုံးသူများနှင့် စျေးကွက်၏ တောင်းဆိုမှုများလည်း တိုးတက်လာ လျက်ရှိပါသည်။ ပြည်တွင်းပြည်ပ စျေးကွက် ဖော်ဆောင်ရန် မဖြစ်မနေလိုအပ်သည့် အရည် အသွေးမြင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးကို တွန်းအားပေးဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်း GAP စံနမူနာပြ ဟင်းသီးဟင်းရွက်စိုက်ခင်းများကို ပျဉ်းမနားမြို့ နယ်ရှိ GAP စံပြစိုက်ကွင်း၌ စိုက်ပျိုးဆောင်ရွက်ပြသထားလျက်ရှိသည်။

အဆိုပါ စံပြစိုက်ကွင်းများ အနေဖြင့် နည်းပညာပေးလုပ်ငန်းများ အပြင် ရင်းနှီးမြုပ်နှံမှု ၊ အကျိုး အမြတ် ၊ သီးနှံအရည်အသွေး ၊ စျေးကွက်အခြေအနေ စသည့်  စိုက်ပျိုးလုပ်ကိုင်သူများ သိရှိလို သည့် သတင်းအချက်အလက်များအား စနစ်တကျ လေ့လာပြုစုပြီး အတွေ့အကြုံ ကောင်းများ ကို စိုက်ပျိုးထုတ်လုပ်သူများနှင့် လယ်ယာစီးပွားလုပ်ငန်းများသို့ ရောက်ရှိအောင် ဆောင်ရွက် သွားမည်ဖြစ်သည်။

ပြောင်းလဲသက်ရောက်လျက်ရှိသည့် ရာသီဥတုကြောင့် ယခုနှစ်တွင် ဆည်များ ဝင်ရေ လျော့နည်း ကျဆင်းလာသဖြင့် ရေအလေအလွင့်မရှိ အသုံးချနိုင်ရန် ၊ ရေသောက်စနစ်များ အဆင့် မြှင့်တင်ရန် ၊ တောင်သူများ ကိုယ်တိုင်ပါဝင်သည့် ရေသုံးစွဲသူများအဖွဲ့(WUG)များ၊ ရေသုံးစွဲသူ များ အသင်း (WUA)များ တိုးချဲ့ဖွဲ့စည်းဆောင်ရွက်ရန်၊ သက်တမ်းရင့် ဆည်တမံ ကြီး များ၏ လုံခြုံ စိတ်ချရမှု မြှင့်တင်ရန်၊ ပင်မ ရေပေးမြောင်းကြီးများနှင့် လက်တံမြောင်းများ ထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့်အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အထူးသဖြင့် ဒေသခံကျေးလက် နေ ပြည်သူများ ပါဝင် ဆောင်ရွက်နိုင်ခြင်းဖြင့် ဝင်ငွေ ပိုမိုရရှိစေနိုင်မည့် နည်းလမ်းများကို ဖော်ဆောင်မည်ဖြစ်ပါသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည် အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦး နှင့် ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ပျဉ်းမနားမြို့နယ်ရှိ GAP စံပြစိုက်ကွင်း ကိုလည်းကောင်း၊ တပ်ကုန်းမြို့နယ် အေးချမ်းသာကျေးရွာ၌ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး စံပြစီမံကိန်း လုပ်ငန်းများနှင့်  ပေတော ဥစားကြက် မွေးမြူရေးခြံ ကိုလည်းကောင်း ၊ ငလိုက်ရေလှောင်တမံ နှင့် ဆည်ရေ သောက်  စနစ်များ ကို လည်းကောင်း လေ့လာကြည့်ရှုပြီး စီမံကိန်းတွင် ပါဝင်ဆောင်ရွက်နေ သူများနှင့်  အတူ လုပ်ငန်းအကောင်အထည်ဖော်မှုနှင့် ရှေ့လုပ်ငန်းစဉ်မျာကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။