ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ စိုက်ပျိုးရေးဦးစီးဌာန၏ တတိယအကြိမ် စာတမ်းဖတ်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေး

လက်ရှိဆောင်ရွက်ပြီးသော အသုံးချသုတေသန စာတမ်းများတွင် တောင်သူစိုက်ကွင်း၌ ဆောင်ရွက် သည့် တောင်သူများ ပူးပေါင်းပါဝင်လက်ခံကျင့်သုံးသော သုတေသနများ ပါဝင်နေသကဲ့သို့ တောင်သူအသုံးပြုသုတေသန အသွင်ကူးပြောင်းရန် အသင့်ဖြစ်နေသော အခြေခံသုတေသန တွေ့ရှိချက် များ တင်ပြထားခြင်းကို တွေ့ရှိရပါကြောင်း၊ အဆိုပါ တွေ့ရှိချက်များကို ဆက်လက် ဆောင်ရွက်ပြီး တောင်သူများ လိုက်နာ ဆောင်ရွက် နိုင်စေရေး စည်းရုံးပညာပေးခြင်းဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပ ပြုလုပ်သည့် စိုက်ပျိုးရေးဦးစီးဌာန၏ တတိယအကြိမ် စာတမ်းဖတ်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။

စိုက်ပျိုးရေးဦးစီးဌာန က နှစ်စဉ်ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီး/ပြည်နယ်များ၊ သုတေသန ခြံများတွင် ဆောင်ရွက်ခဲ့သော စိုက်ပျိုးနည်းစနစ်ဆိုင်ရာ၊ မျိုးစေ့အရည်အသွေး တိုးတက်ရေးဆိုင်ရာ၊ ရိတ်သိမ်းချိန်လွန် အရည်အသွေးတိုးတက်ရေးဆိုင်ရာ စမ်းသပ်ကွက်၊ စံပြကွက်များ ဆောင်ရွက်ခဲ့မှုတို့ အပေါ် သုတေသနတွေ့ရှိချက်များ၊ ရလဒ်များနှင့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် သုတေသန လုပ်ငန်းစီမံချက်များကို အခြေခံ၍ စာတမ်းများပြုစုတင်ပြသည့် အဆိုပါစာတမ်းဖတ်ပွဲကို ဇန်နဝါရီလ ၂၇ ရက်နေ့ က စတင်၍ ၃ ရက်ကြာကျင်းပခဲ့ခြင်းဖြစ်သည်။

ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဒုတိယ ညွှန်ကြားရေး မှူးချုပ် များ၊ ညွှန်ကြားရေးမှူးများ ၊ ဒိုင်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန စွန့်ဦးလူငယ်ပညာရှင်များ၊ နေပြည်တော်ရုံး နှင့် တိုင်းဒေသကြီး ပြည်နယ်အသီးသီး စာတမ်းရှင်များ လေ့လာသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီး က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ဝန်ကြီးဌာန၏ အဓိကလုပ်ငန်း တစ်ခုဖြစ်သည့် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနလက်အောက်ရှိ အခြားသောဦးစီးဌာနများ၊ တက္ကသိုလ်များ ကဲ့သို့ စိုက်ပျိုးရေးဦးစီးဌာန က ဆောင်ရွက်သည့် စာတမ်းဖတ်ပွဲများ ကျင်းပခြင်းအားဖြင့် စိုက်ပျိုးရေး ဦးစီးဌာန၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကိုလည်း တိုးမြှင့်ပေးနိုင်မှာဖြစ်ကြောင်း။

စိုက်ပျိုးရေးဦးစီးဌာနရှိ ဝန်ထမ်းများ အနေဖြင့် မိမိတို့တာဝန်ကျရာဒေသရှိ တောင်သူများ၏ အခြေခံ လိုအပ်ချက်ကို ရှာဖွေဖော်ထုတ် ဖြည့်ဆည်းပေးနိုင်ရေး Bottom-Up Approach ကို စနစ်တကျ ကျင့်သုံးနေကြောင်း ယခုကျင်းပပြုလုပ်သည့် တောင်သူအသုံးပြု စိုက်ပျိုးရေး သုတေသန ဖွံ့ဖြိုး တိုးတက်ရေး စာတမ်းဖတ်ပွဲတွင် အထင်အရှားတွေ့မြင်နေရပါကြောင်း၊ အကျိုးဆက်အားဖြင့် ဝန်ထမ်းများ ၏ စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးနိုင်မှာဖြစ်ပြီး ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မား လာသည်နှင့်အမျှ ခိုင်မာသော သုတေသနတွေ့ရှိချက်များအပေါ် အခြေပြု ၍ တောင်သူပညာပေး လုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် အရည်အသွေးနှင့် ထုတ်လုပ်မှု ကောင်းမွန်လာပြီး တောင်သူများ ဝင်ငွေ တိုးတက်ရရှိလာကာ လူနေမှုဘဝ မြင့်မားလာစေသည့် အကျိုးဆက်များ ဖြစ်တည်လာမှာဖြစ်ပါကြောင်း။ ပြောင်းလဲလာသည့် ခေတ်နှင့်အညီ တောင်သူလယ်သမားများ၏ တွေးခေါ်စဉ်းစားမှု၊ နည်းပညာကို လက်ခံနိုင်မှု ပုံစံများသည်လည်း ပြောင်းလဲတိုးတက်လာနေပါကြောင်း ။ တောင်သူများအနေဖြင့် လက်တွေ့ အထောက်အထားအခြေခံ ဖြန့်ဝေပေးသော Evident-based နည်းပညာများကိုသာ ယုံယုံ ကြည်ကြည် လက်ခံကျင့်သုံးချင်လာကြသကဲ့သို့ ဆန်းသစ်သော အတွေးအခေါ် Innovative Idea နှင့် ဆောင်ရွက်သည့် နည်းပညာများကိုလည်း တောင်းဆိုလာကြပါကြောင်း။

သို့ဖြစ်ပါ၍ တောင်သူလယ်သမားများ တွေ့ကြုံရသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပြဿနာများ၊ မြေဆီလွှာနှင့် ပိုးမွှားရောဂါဆိုင်ရာ ပြဿနာများကို ဒေသအလိုက် စူးစမ်း ဖော်ထုတ်၍ သုတေသနနှင့် ပညာပေးရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း။

ပုံမှန်ဆောင်ရွက်နေကျ သုတေသနလုပ်ငန်းများအပြင် လတ်တလောဖြစ်ပေါ်နေသည့် ကမ္ဘာ့ ကပ်ရောဂါ (Covid-19)၏ လယ်ယာကဏ္ဍ နှင့် ဈေးကွက်အပေါ် သက်ရောက်မှုများ ကိုလည်း မျက်ခြေမပြတ် လေ့လာဆန်းစစ်နေရန် လိုအပ်မှာဖြစ်ကြောင်း။ (Covid-19)ကာလ ဖြတ်ကျော်နေစဉ် လုပ်ငန်း လိုအပ်ချက်အရ မဖြစ်မနေပြောင်းလည်း ကျင့်သုံး ရမှုကြောင့်  မိမိတို့ ၏ ICT နည်းပညာ အသုံးချမှုမှာ ယခင်ကထက် သိသာကျယ်ပြန့်စွာ အသုံးပြုနေ ကြရသည် ကို တွေ့ရမည်ဖြစ်ကြောင်း၊ အဆိုပါ နည်းပညာကို တောင်သူများလည်း ထိထိ ရောက်ရောက် အသုံးချ တတ်စေရေးအတွက် နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားရန် လိုအပ်မှာ ဖြစ်ပါကြောင်း။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ မူဝါဒများအနက် အဓိကကျသော စားနပ်ရိက္ခာဖူလုံရေး၊ အစားအစာဘေးကင်းလုံခြုံရေး နှင့် အာဟာရပြည့်ဝရေး မူဝါဒအား အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ထုတ်လုပ်မှုတိုးတက်မြင့်မားရေး၊ အာဟာရ ပြည့်ဝရေး နှင့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ (GAP) နှင့် အော်ဂဲနစ်စိုက်ပျိုးရေးကျင့်စဉ်များ ချမှတ် ဆောင်ရွက် ထားရှိပြီး တောင်သူလယ်သမားများ အပါအဝင် စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်းများ တွင် ပါဝင်ပတ်သက်နေကြသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ လိုက်ပါဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် သုတေသနနှင့် ပညာပေးလုပ်ငန်းများကို စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများ အားလုံးက အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြား သည်။

ထို့နောက် အခမ်းအနားမှူး က “တောင်သူအသုံးပြု စိုက်ပျိုးရေး သုတေသန ဖွံ့ဖြိုး တိုးတက်ရေး (Development of Applied Research Approaches)” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် စိုက်ပျိုးရေး ဦးစီးဌာန၏ တတိယအကြိမ် စာတမ်းဖတ်ပွဲ၌ ဆုရရှိသူများ စာရင်းကို ဖတ်ကြားကြေညာရာတွင် တက်သစ်စ လူငယ်ပညာရှင်များအုပ်စု မှ ပြောင်းလဲ လာသော ရာသီဥတုနှင့်အညီ မြေဆီလွှာနှင့်ရေကို စနစ်တကျ စုဆောင်းထိန်းသိမ်းခြင်း ခေါင်းစဉ် ဖြင့် ပထမ ဆု ၊ ရှမ်းပြည်နယ် အစေ့ထုတ်ပြောင်း စိုက်ပျိုးထုတ်လုပ်မှု နှင့် စေ◌ျး ကွက် အလားအလာများအား အကဲဖြတ်ခြင်း ခေါင်းစဉ်ဖြင့် ဒုတိယ ဆု ၊ ကော်ဖီ အချဉ်ဖောက်ခြင်း နည်းလမ်းအမျိုးမျိုးဖြင့် ကော်ဖီ၏ သောက်သုံးမှုအရည်အသွေး အရသာအပေါ် လွှမ်းမိုးမှုအား သုတေသနပြုစမ်းသပ်ခြင်း ခေါင်းစဉ်ဖြင့် တတိယ ဆု တို့ကိုလည်းကောင်း၊ အတွေ့အကြုံ ရှိပြီးသော ပညာရှင်များ အုပ်စုတွင် Effect of Different types of organic manures application on growth and yield of Elephant Food Yamunder immature rubber plantation ခေါင်းစဉ်ဖြင့် ပထမ ဆု ၊ ကော်ဖီကြိတ်ခွဲထုတ်လုပ်သည့်နည်းအလိုက် အရည်အသွေးအပေါ် လွှမ်းမိုးသည့် အချက်များအား လေ့လာစမ်းစစ်ခြင်း ခေါင်းစဉ်ဖြင့် ဒုတိယ ဆု ၊ Evaluation of Rubber Clones From PRIM 2000 SERIES in Small Scale Clone Trial ခေါင်းစဉ်ဖြင့် တတိယ ဆု အပါအဝင် နှစ်သိမ့်ဆုများ ကို ချီးမြှင့် ခဲ့သည်။

စိုက်ပျိုးရေးဦးစီးဌာန၏ တတိယအကြိမ် စာတမ်းဖတ်ပွဲ တွင် တက်သစ်စ လူငယ်ပညာရှင်များ ဖတ်ကြားသော စာတမ်းများ နှင့် အတွေ့အကြုံရှိပြီးသော ပညာရှင်များ ဖတ်ကြားသော စာတမ်းများ ဟူ၍ အုပ်စုခွဲကာ ဖတ်ကြားစေခဲ့ပြီး ကဏ္ဍအလိုက် ထူးချွန်ဆုများ ချီးမြှင့်ပေးအပ် ခဲ့ခြင်းဖြစ်ကြောင်း ၊ ၎င်းအပြင် ရှေ့ဆက်လက် ဆောင်ရွက်မည့် သုတေသနစီမံချက် (Proposal) များ ကိုလည်း ဖိတ်ခေါ်တင်ပြ ဖတ်ကြား စေပြီး အကောင်းဆုံး တင်ပြခဲ့သည့် စာတမ်းများကို ဆက်လက်သုတေသနပြု ဖော်ထုတ်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။