သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

စိုက်ပျိုးရေး သွင်းအားစုများ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခြင်း(MAIRS) မိတ်ဆက် ကြေညာ

စိုက်ပျိုးရေး သွင်းအားစုများ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခြင်း Myanmar Agricultural Import Registration System(MAIRS) မိတ်ဆက် ကြေညာခြင်း အခမ်းအနားကို ဇန်နဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး ပြည်နယ် ဦးစီးမှူးများ၊ အပြည်ပြည်ဆိုင်ရာငွေကြေးကော်ပိုရေးရှင်း (IFC) မှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးသွင်းအားစုဆိုင်ရာ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ မိတ်ဘက် အဖွဲ့အစည်းများ ၊ တောင်သူကိုယ်စားလှယ်များ က Zoom Application အသုံး ပြု၍ အွန်လိုင်းမှ တက်ရောက်ကြသည်။

အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် က အွန်လိုင်းစနစ်ဖြင့် စိုက်ပျိုးရေး သွင်းအားစုများ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခြင်း Myanmar Agricultural Import Registration System(MAIRS) ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာ ကျွမ်းကျင်သူများက  (MAIRS) စနစ် ၏ အားသာချက်များနှင့် အသုံးပြုပုံ အဆင့်ဆင့်တို့ကို ရှင်းလင်းတင်ပြကြသည်။

စိုက်ပျိုးရေး သွင်းအားစုများ မှတ်ပုံတင် လုပ်ငန်းဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့စေရေး၊ ခေတ်ကာလနှင့် လိုက်လျောညီထွေစွာ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆောင်ရွက်သည့် အွန်လိုင်းစနစ်ဖြင့် စိုက်ပျိုးရေး သွင်းအားစုများ မှတ်ပုံတင်ခြင်း (MAIRS) နှင့် တောင်သူပညာပေးလုပ်ငန်းများ၊ အစားအစာဘေးကင်းရေးလုပ်ငန်းတွင် ဆက်သွယ် ဆောင်ရွက်နိုင်ရန် ပြဌာန်းထားသည့် GAP အကြောင်းဆိုင်ရာ နည်းပညာပေး ဆောင်ရွက်နိုင်မည့် Myanmar Chatbox System ကို ယနေ့ မိတ်ဆက်ခြင်း ဖြစ်ပါကြောင်း၊ Covid-19 ကာလအတွင်း ယခင် မူလလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဌာနခွဲ၊ရုံးများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ လျော့ပါးသက်သာစေရေးအတွက် လိုက်နာဆောင်ရွက်နိုင်မှု လိုအပ်ချက်မြင့်မားမှုအပေါ် ဖြေရှင်းနိုင်ရေး ယနေ့မိတ်ဆက်သည့် Online Registration System က အချိန်နှင့်အမီ ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သွင်းအားစုအရည်အသွေး ပြည့်မီရေး၊ စနစ်တကျ သုံးစွဲရေး၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအနေနှင့်၊ သွင်းအားစုကောင်းများ သုံးစွဲနိုင်ရေး ဈေးနှုန်းတည်ငြိမ်သက်သာပြီး အကျိုး အမြတ်ရှိစွာ သုံးစွဲနိုင်ရေး အထူး အရေးကြီးကြောင်း၊ အရည်အသွေးပြည့်ဝမှန်ကန်ရေးကို ထိန်းကျောင်းပေးမည့် မြေသြဇာဥပဒေ၊ မျိုးစေ့ဥပဒေ၊ ပိုးသတ်ဆေးဥပဒေ စသည်တို့ကို ပြဌာန်းထားရှိပြီး ဖြစ်ကြောင်း၊ ရေ မြေ နှင့် စိုက်ပျိုးထုတ်လုပ်သည့်သီးနှံများတွင် ထိခိုက်မှုမရှိဘဲ အကျိုး အမြတ် ရရှိအောင် စိုက်ပျိုးရေးဦးစီးဌာန ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ပြောသည်။

မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး စသည့် စိုက်ပျိုးရေး သွင်းအားစုများကို မှတ်ပုံတင်ခြင်း လိုင်စင်ထုတ်ပေးခြင်း နှင့် တင်သွင်းခွင့်ပြုသည့် လိုင်စင်များ ဟူ၍ စိစစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်က စာရွက်စာတမ်းများဖြင့် လူကိုယ်တိုင် လာရောက် လျှောက်ထားစဉ် ကြုံတွေ့ရသည့် အခက်အခဲများ လျော့ပါး သက်သာစေရေးအတွက် ICT နည်းပညာစနစ်၊ အွန်လိုင်းစနစ်အသုံးပြုပြီး မှတ်ပုံတင်ခြင်း လုပ်ငန်းကို ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်မှုနှင့်အတူ စီမံဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း၊ မိတ်ဖက်အဖွဲ့ အစည်းဖြစ်သည့် အပြည်ပြည်ဆိုင်ရာငွေကြေးကော်ပိုရေးရှင်း (IFC) နှင့် ပူးပေါင်း၍ အသေးစိတ်ပြင်ဆင်ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေး သွင်းအားစုများ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခြင်း (MAIRS)ကို မြန်မာနိုင်ငံ တွင် စိုက်ပျိုးရေး သွင်းအားစုလုပ်ငန်း ဆောင်ရွက်ကြမည့် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် စတင် လျှောက်ထား နိုင်ပြီဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်ဇင်မောင် က ပြောသည်။

စိုက်ပျိုးရေး သွင်းအားစုများ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်း ဆောင်ရွက် လိုပါက https://mairs.doa.gov.mm/ တွင် ဝင်ရောက်၍ အကောင့်ဖွင့်လှစ် ဆောင်ရွက်နိုင်ကြမည်ဖြစ်ပြီး၊ လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ ကုမ္ပဏီ အကောင့် ဖွင့်လှစ်ထားမှုများအား လုံခြုံသေချာစွာ ဆောင်ရွက်ထိန်းသိမ်းရန် လိုအပ်မည်ဖြစ် ကြောင်း၊ မိမိတို့တောင်းခံမည့် မှတ်ပုံတင်များ၊ လိုင်စင်များကို တာဝန်ယူ ဆောင်ရွက် ရမည် ဖြစ်သည့်အတွက် အွန်လိုင်းမှတ်ပုံတင်အဖွဲ့နှင့် တိုက်ဆိုင် စစ်ဆေး ၍ မှန်ကန်မှု ရှိရေး ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။