ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

တောင်သူအသုံးပြု စိုက်ပျိုးရေးသုတေသန ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် စိုက်ပျိုးရေးဦးစီးဌာန၏ တတိယအကြိမ်မြောက် စာတမ်းဖတ်ပွဲကျင်းပ

စိုက်ပျိုးရေးဦးစီးဌာန၏ တောင်သူအသုံးပြု စိုက်ပျိုးရေးသုတေသန ဖွံ့ဖြိုးတိုးတက်ရေး တတိယအကြိမ်မြောက် စာတမ်းဖတ်ပွဲ ပွင့်ဖွဲအခမ်းအနားကို ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်း က စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ ၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် ဌာနခွဲ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၊ စာတမ်းရှင်များ၊ စိုက်ပျိုးရေး စွန့်ဦးလူငယ်ပညာရှင်များ ၊ ဒေသအသီးသီး မှ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ က Virtual  Conferencing စနစ်ဖြင့် တက်‌ရောက်ကြသည်။

ဒုတိယဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာတွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကလိုအပ်သည့် အရင်းအနှီး၊ နည်းပညာ၊ ဈေးကွက် သုံးခုလုံး ဘက်ညီညီ ဆောင်ရွက်နိုင်ဖို့ အထူးအရေးကြီးကြောင်း၊ အဆိုပါသုံးခုအနက် နည်းပညာ ရရှိ အသုံး ပြုနိုင်ရေးသည် အားလုံးပါဝင်ဆောင်ရွက်နိုင်ရန် လိုအပ်သည့် ခိုင်မာမှုရှိစေရေး၊ နားလည်သဘော ပေါက်စေရေး၊ လက်ခံလိုက်နာကျင့်သုံးနိုင်ရေး လုပ်ငန်းများသည် အချိန်ယူ ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ပါကြောင်း၊

မိမိတို့ဝန်ကြီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် “ အားလုံးပါဝင်ပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင် နိုင် စွမ်းရှိသည့် ရေရည်တည်တံ့သော လယ်ယာကုန်ထုတ်လုပ်မှုစနစ် ထွန်းကားစေခြင်းဖြင့် စားနပ် ရိက္ခာဖူလုံ၍ အာဟာရပြည့်ဝစေပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မား လာစေ ရန်နှင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေရန်” ဆိုသည့် မျှော်မှန်းချက်ကို ယခုလို ကျင်းပသော စာတမ်းဖတ်ပွဲများက အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ကြောင်း၊ ယခုကဲ့သို့ စာတမ်းဖတ်ပွဲများ ကျင်းပခြင်းအားဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝန်ထမ်း များ၏ စွမ်းဆောင်ရည် တိုးမြှင့်ပေးလာနိုင်သည်နှင့်အမျှ  ခိုင်မာသော သုတေသန တွေ့ရှိချက်များ အပေါ် အခြေပြု၍ တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် အရည်အသွေးနှင့် ထုတ်လုပ်မှုကောင်းမွန်လာပြီး တောင်သူများ ဝင်ငွေ တိုးတက်ရရှိကာ လူနေမှု ဘဝမြင့်မားလာစေ မည်ဖြစ်ကြောင်း၊ တောင်သူ တိုက်ရိုက် အသုံးပြု နိုင်မည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျော ညီထွေဖြစ်စေရေး၊ ဈေးကွက်တောင်းဆိုမှုရှိသည့် သီးနှံမျိုးများ ပြောင်းလဲ စိုက်ပျိုးရေးအတွက် ဆန်းသစ်သည့် အတွေးအခေါ်များ အခြေပြု၍ သီးနှံ အမယ်သစ်များ၊ မျိုးများ၊ စိုက်ပျိုးနည်းစနစ်များ၊ ရိတ်သိမ်းချိန်လွန် နည်းပညာများ ပြောင်းလဲ ဆောင်ရွက်  ရမည်ဖြစ်ကြောင်း၊ သုတေသနနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြု သော နည်းပညာများသည် သီအိုရီအရ ခိုင်မာမှုရှိခြင်း၊ ဒေသရေမြေနှင့် ကိုက်ညီမှုရှိခြင်း၊ လက်တွေ့ ဆောင်ရွက်နိုင်ခြင်း တို့ကို အဓိကထည့်သွင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ မူဝါဒများတွင် တခုအပါအဝင် ဖြစ် သော   စားနပ်ရိက္ခာဖူလုံရေး၊ အစားအစာဘေးကင်းလုံခြုံရေးနှင့် အာဟာရ ပြည့်ဝရေး မူဝါဒအား အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ထုတ်လုပ်မှု တိုးတက်မြင့်မားရေး သာမက အာဟာရ ပြည့်ဝရေးနှင့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့ အကျင့် ကောင်းများ (Good Agricultural Practice) နှင့် အော်ဂဲနစ် စိုက်ပျိုးရေးကျင့်စဉ်များ ချမှတ် ဆောင်ရွက်ထားရှိပြီး တောင်သူလယ်သမားများ နှင့် စိုက်ပျိုးထုတ်လုပ် ရောင်းဝယ်ရေး လုပ်ငန်းများ တွင် ပါဝင်ပတ်သက်နေကြသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များ လိုက်ပါ ဆောင်ရွက် နိုင်ရေး အတွက် လိုအပ်သည့် သုတေသနနှင့် ပညာပေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်သွား နိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း  ၊ တောင်သူများ တိုက်ရိုက် အသုံးချ နိုင်သည့် သုတေသန လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့ဝန်ကြီးဌာန အောက်ရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးတက္ကသိုလ်တို့အပြင် အခြား ဆက်စပ် သုတေသန ဆောင်ရွက် ကြသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် သွားရန်လည်း လိုအပ်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က စာတမ်းဖတ်ပွဲ ကျင်းပ ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြပြီး စာတမ်းဖတ်ပွဲကို ဆက်လက် ကျင်းပ ပြုလုပ်သည်။

“တောင်သူအသုံးပြု စိုက်ပျိုးရေးသုတေသန ဖွံ့ဖြိုးတိုးတက်ရေး (Development of Applied Research Approaches)” ခေါင်းစဉ်ဖြင့် ယနေ့ ကျင်းပပြုလုပ်သည့် စိုက်ပျိုးရေးဦးစီးဌာန ၏ တတိယအကြိမ်စာတမ်း ဖတ်ပွဲကို ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပမည် ဖြစ်ကာ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ဘွဲ့လွန်ပညာရှင်များ၊ ဘွဲ့ရ၊ ဒီပလိုမာပညာရှင်များက စာတမ်းပေါင်း (၇၆)စောင်အား ဖတ်ကြားကြမည်ဖြစ်ကြောင်း၊ (၃) ရက်ကြာကျင်းပပြုလုပ်မည့် အဆိုပါ စာတမ်းဖတ်ပွဲတွင် စာတမ်းရှင်များ တင်ပြ ဖတ်ကြား မည့် သုတေသနရလဒ်များကို အပြန်အလှန် ဆွေးနွေး၍ ရရှိလာသည့် ရလဒ်များအား တောင်သူများ လက်ဝယ်သို့ ရောက်ရှိအောင် စိုက်ပျိုးပညာပေးရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကောင်းဆုံးစာတမ်းများကို စိစစ်ရွေးချယ်၍ ဆုများ ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။