သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်တလျောက် ဆောင်ရွက်ရမှုကို လူ အများ သိရှိမြင်တွေ့နိုင်မည် မဟုတ်သော်လည်း အောင်မြင်သော သုတေသန၏ အကျိုး ရလဒ် ကိုမူ အများပြည်သူတို့ စားသုံးခံစားနိုင်မည်ဖြစ်ပါကြောင်း၊ သုတေသန ရလဒ် ကောင်း တစ်ခု သည် အများအတွက် အကျိုးကျေးဇူးများစွာကို ဖော်ဆောင်ပေး နိုင်မည် ဖြစ်သဖြင့် မိမိ၏ တတ်ကျွမ်းသည့် ပညာ၊ စေတနာ၊ အနစ်နာဖြင့် နိုင်ငံတော်၏ အကျိုးတို့ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ သုတေသနလုပ်ငန်းများအား အရှိန်အဟုန်နှင့် တိုးတက်လာစေရန် နိုင်ငံတော်မှ ရန်ပုံငွေတိုးမြှင့် ရရှိ နိုင်ရေး သာမက ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ခြင်း၊ ပုဂ္ဂလိက အဖွဲ့အစည်းများ နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း တို့ကို ဆက်လက် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ရေဆင်းစိုက်ပျိုးရေး သုတေသန ဦးစီးဌာန နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်သည့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ (၁၇)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဌ၊ ဦးရန်လင်း၊ အငြိမ်းစားသုတေသန ပညာရှင်များ၊ ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များ မှ ပါမောက္ခချုပ်များ ၊ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန သုတေသီများ တက်ရောက်ကြပြီး ၊ ဒေသဆိုင်ရာသုတေသန ဗဟိုခြံများ၊ သုတေသန ခြံများ မှ တာဝန်ရှိသူများ ၊ အခြားဖိတ်ကြား ထားသည့် ဧည့်သည်တော်များ က Zoom Application အသုံးပြု တက်ရောက်ကြသည်။
၁၉၉၀ ပြည့်နှစ်တွင် ဗဟိုစိုက်ပျိုးရေးသုတေသနဌာန အဖြစ်လည်းကောင်း၊ ၂၀၀၄ ခုနှစ် ဇန်နဝါရီလ (၂၇) ရက်နေ့တွင် စိုက်ပျိုးရေး သုတေသန ဦးစီးဌာန အဖြစ်လည်းကောင်း အဆင့်ဆင့် တိုးမြှင့်တင်ဖွဲ့စည်းခဲ့သည့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ၏ (၁၇)နှစ်ပြည့် အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှင့် တာဝန်ရှိ သူများက သုတေသန ပညာရှင်များ၊ ထူးချွန်ဝန်ထမ်းများအား ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်ခဲ့ကြသည်။
နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှင့် ဧည့်သည်တော်များ သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသနဌာနစုများ၏ လက်တွေ့ ဆောင်ရွက်နေသော သုတေသနစိုက်ကွင်းများကို ကွင်းဆင်းကြည့်ရှုအားပေးရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း နှင့် တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။
စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် ရေမြေရာသီအလိုက် သင့်တော်ကောင်းမွန် သည့် သီးနှံမျိုးများ မွေးမြူထုတ်လုပ်ခြင်း၊ သီးနှံစိုက်ပျိုးနည်းစနစ်နှင့် မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးသုံးစွဲခြင်း ဆိုင်ရာသုတေသန လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ တောင်သူ လယ်သမားများ သုံးစွဲနေသည့် စိုက်နည်းစနစ်များ၊ ပိုးသတ်ဆေး၊ မြေသြဇာစသည်တို့ကို သုံးစွဲပုံနည်းစနစ်များ၊ မြေဆီလွှာ အကဲဖြတ်ခြင်း၊ ယူရီးယားနှင့် ဘိုရွှန်ရွက်ဖျန်း မြေသြဇာ သုံးစွဲခြင်း နှင့် မြေဆီဓာတ်ခွဲမှု အခြေခံသော မြေသြဇာနှုန်းထား ထောက်ခံချက်ပေးခြင်း၊
စိုက်ပျိုးရေ၏ အရည်အသွေးစစ်ဆေးခြင်း၊ အပင်တစ်သျှူးမွေးမြူခြင်းဖြင့် ငှက်ပျော၊ ကြံ၊ သစ်ခွ မျိုးတို့ကို မျိုးသန့် ပွားများနည်းဖော်ထုတ်ခြင်း၊ မြေလွှာမဲ့စိုက်ပျိုးနည်းစနစ် ဖော်ထုတ်ခြင်း၊ သီးနှံအထွက်ကောင်း မျိုးများ မွေးမြူ ထုတ်လုပ်ခြင်း၊ ဒေသအလိုက် သင့်တော် သည့် စပ်မျိုးများ မွေးမြူထုတ်လုပ်ခြင်း၊ ရာသီဥတုနှင့် လိုက်လျောညီထွေမည့် သီးနှံအလိုက်၊ ဒေသအလိုက်အကျိုးအမြတ်အများဆုံး ရရှိမည့် စိုက်ပျိုးနည်းစနစ်များ ဖော်ထုတ်ခြင်းများ အပြင် အစားအစာဆိုင်ရာ သုတေသန၊ လယ်ယာ စီးပွား ဆိုင်ရာသုတေသန၊ စပါးဇီဝဥယျာဉ် ဆိုင်ရာ သုတေသနလုပ်ငန်းများ၊ ရိတ်သိမ်းချိန်လွန် နည်းပညာ ဆိုင်ရာသုတေသန လုပ်ငန်းများ အစရှိသည်တို့ကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။