ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နိုင်ငံခြားပညာတော်သင်များ သုတေသနစာတမ်းဖတ်ပွဲကျင်းပ

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နိုင်ငံခြားပညာတော်သင်များ သုတေသနစာတမ်းဖတ်ပွဲ  အခမ်းအနားကို ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် နှင့် ပါမောက္ခ ဌာနမှူးများ၊ အငြိမ်းစားသုတေသန ပညာရှင်များ၊ မျိုးဆက်သစ် သုတေသီများ၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခြံများမှ သုတေသီများ က Zoom Meeting ဖြင့်တက်ရောက်လာကြသည့် တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးကဏ္ဍများတွင် အရည်အသွေးပြည့်ဝသည့် ကျွမ်းကျင်ပညာရှင်များ၊ ဘာသာရပ် ဆိုင်ရာ ပြည့်ဝနားလည် ကျွမ်းကျင်သည့် ပညာရှင်များ လိုအပ်သကဲ့သို့ ကျွမ်းကျင်မှု၊ အတွေ့ အကြုံ များမှ သင်ယူလေ့လာဆည်းပူးရင်း သုတေသနဆောင်ရွက်ချက်များ၊ ဆန်းသစ် တီထွင် မှုများ ပိုမို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများတွင် အဆင့်မြင့် နည်းပညာများ ဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် တိုးတက်အသုံးပြုလာသည်နည်းတူ မိမိတို့နိုင်ငံ တွင်လည်း တောင်သူ အကျိုးပြု သုတေသနလုပ်ငန်းစဉ်များကို အားပေးဆောင်ရွက်ရင်း စျေးကွက်အသစ် ချဲ့ထွင်တက်လှမ်းနိုင်ရေး တို့အတွက် နည်းပညာဖွံ့ဖြိုးရေးဆိုင်ရာ သုတေသနလုပ်ငန်းများအကို အစဉ်တစိုက် ဆောင်ရွက် နေရမည်ဖြစ်ကြောင်း၊

စိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့ အကြား ပူးပေါင်းဆောင်ရွက်မှု အပြန်အလှန်ချိန်ဆက်ပြီး နိုင်ငံတော်၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုး ရေး နှင့် သုတေသနလုပ်ငန်းများဖွံ့ဖြိုးရေးတို့ကို  တိုးမြှင့်ဆောင်ရွက်ကြရန် တိုက်တွန်း ပါကြောင်း၊ သုတေ သန လုပ်ငန်းများအား ရပ်တန့်မနေစေဘဲ သုတေသနရလဒ်များအား ပညာရှင်များ အချင်းချင်း အပြန်အလှန် ဖလှယ်ကာ သုတေသနရလဒ်များ ဖတ်ကြား တင်ပြခြင်း ဖြင့် ပိုမိုဆန်းသစ်သည့် ရလဒ် ကောင်းများ တီထွင်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

နိုင်ငံခြားပညာတော်သင်များ သုတေသနစာတမ်းဖတ်ပွဲ ကို အပတ်စဉ်ကျင်းပသွားမည် ဖြစ်ပြီး စာတမ်းပေါင်း (၃၈)စောင် ဖတ်ကြားရန် စီစဉ်ထားရှိကြောင်း သိရသည်။