ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၃၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၃၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် Covid-19 ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ ၊ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော် ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း  မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟို ကော်မတီအဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ကြသည်။

အစည်းအဝေး တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ဆွေးနွေး ပြောကြား ရာ၌ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည်နှင့်အညီ စိုက်ပျိုးလုပ်ကိုင်ရန် သင့်တော်သော မြေလွတ်၊ မြေရိုင်းများကို စိုက်ပျိုးမြေအဖြစ် ဖော်ထုတ်လုပ်ကိုင်မည့်သူများ၊ အဖွဲ့အစည်းများကို အားပေးကူညီကြရမှာဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း နိုင်ငံတော်၏ စက်မှုစီးပွားလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေးအတွက် မြေလွတ်၊ မြေရိုင်းများ အသုံးပြုနိုင်ခွင့် ရရှိရေး ကိုလည်း ပံ့ပိုးဆောင်ရွက် သွားကြရမှာဖြစ်ပြီး ထိုသို့ ဆောင်ရွက်ရာတွင်လည်း ဒေသခံလူထုနှင့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာအရ သတ်မှတ် မြေများ၊ အများ ပြည်သူနှင့် တိုင်းရင်းသားများ ဆိုင်ရာ ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေး တို့အတွက် လက်ရှိ အသုံးပြုထားသည့် မြေများ ပါဝင်မှုမရှိစေရေးအတွက် အထူးဂရုပြု စိစစ်ဆောင်ရွက်ပေးသွားကြရန် လိုအပ်ကြောင်း ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန်ခွဲရေး ဗဟိုကော်မတီ အတွင်းရေးမှူး ဦးသက်နိုင်ဦး က အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းများအား ဖတ်ကြားတင်ပြရာ ကော်မတီဥက္ကဋ္ဌ နှင့် အစည်းအဝေး တက်ရောက်လာကြသူများက အကြောင်းအရာ တစ်ခုချင်း အလိုက် ဆွေးနွေး ဆောင်ရွက်ကြသည်။

ယနေ့အစည်းအဝေးတွင် ယခုအစိုးရကာလ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင် ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာသည့် အမှုတွဲများ စိစစ်တင်ပြခြင်း ကိစ္စရပ်၊ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ယခင် အစည်းအဝေး ဆုံးဖြတ်ချက်များ အရ ပြန်လည်စိစစ်ရန် အကြောင်းကြားထားခြင်းအပေါ် ပြန်လည် တင်ပြ လာသည့် ကိစ္စရပ်များ၊ ယခု အစိုးရကာလ သက်ဆိုင်ရာဝန်ကြီးဌာနများမှ သဘောထား မှတ်ချက် ပြန်ကြားလာသည့်အမှုတွဲများ စိစစ်တင်ပြခြင်း ကိစ္စရပ်၊ အစိုးရကခွင့်ပြုသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများ အတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ခွင့်ပြုထားမှု အပေါ် အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ရှိ/မရှိ အခြေအနေများအား အထူးအဖွဲ့ဖြင့် စစ်ဆေးတင်ပြနိုင်ရေး ကိစ္စရပ်များနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် လုပ်ပိုင် ခွင့်၊ အသုံးပြုခွင့်လျှောက်ထားခြင်း အပေါ် ကန့်ကွက်လွှာ တင်သွင်းခြင်းအား စိစစ်ရန် သီးခြားအဖွဲ့ ဖွဲ့စည်းခြင်းကိစ္စရပ်များ ကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။

နေပြည်တော်ကောင်စီ ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဒေသခံအချို့၏ မိရိုးဖလာအရ အဆက်ဆက်လုပ်ကိုင်ဆောင်ရွက်နေသော မြေအချို့မှာ လုပ်ပိုင်ခွင့် လျှောက်ထား ရယူထားခြင်းမရှိသဖြင့် ယနေ့အထိ မြေလွတ်၊မြေရိုင်းများအဖြစ် စာရင်း ပေါ်နေကြောင်း ၊ သို့ဖြစ်ရာ လူပုဂ္ဂိုလ် တစ်ဦးချင်းသော် လည်းကောင်း၊ တစ်ဖွဲ့ချင်း သော် လည်းကောင်း လုပ်ပိုင်ခွင့် တရားဝင် ပိုင်ပိုင်နိုင်နိုင် ရရှိစေရန် လုပ်ထုံးလုပ်နည်းနှင့်အညီ လျှောက်ထားနိုင်ရေး အတွက် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန က ပညာပေးလုပ်ငန်းများ ကျယ်ပြန့်စွာ ဆောင်ရွက်ပြီးဖြစ် ကြောင်း သတင်းရရှိသည်။