စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် သည် အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ လိုက်ပါလျက် ဇန်နဝါရီလ(၂၃)ရက်နေ့ နံနက်ပိုင်း တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်းရှိ ဆည်ရေ သောက် စနစ်များ ၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းလုပ်ငန်းများနှင့် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန် နိုးကြားမှု မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။ရှေးဦးစွာ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ် ကျွဲရှင်းကျေးရွာအနီးရှိ ငလိုက် ရေလှောင်တမံသို့ရောက်ရှိကြရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် နှင့် ညွှန်ကြားရေးမှူး ဦးခင်ဇော် တို့က တမံအတွင်း ရေသိုလှောင် ထိန်းသိမ်းထားရှိမှု၊ မြို့ရေပေးဝေရေးစနစ် အတွက် ရေပို့လွှတ်ပေးနေမှု၊ တမံကြံ့ခိုင်မှု နှင့် ရေပိုလွှဲပြုပြင် မွမ်းမံခြင်းလုပ်ငန်း ဆိုင်ရာများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး က ဆွေးနွေးမှာကြားရာ၌ ငလိုက် ရေလှောင်တမံ သည် ၂၀၁၀ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အတွင်း နှစ်စဉ် ပျမ်းမျှစီးဝင်ရေ (၈၅၀၃၆) ဧကပေ ရှိခဲ့သော်လည်း ၂၀၂၀ပြည့်နှစ်အတွင်း မိုးရေချိန်သိသာစွာကျဆင်းခဲ့မှုကြောင့် ဝင်ရေ (၂၉၃၇၇) ဧကပေ သာ ရှိခဲ့သဖြင့် ရေအနည်းလိုသီးနှံများ အစားထိုးစိုက်ပျိုးနိုင်ရေး အတွက် သက်ဆိုင်ရာ ဌာနများ ပူးပေါင်း၍ ရေတို ရေရှည် အစီအမံများ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ အခြားတဘက် တွင်လည်း ရေလှောင်တမံများ ဝင်ရေ လျော့နည်းကျဆင်းလာမှုအပေါ် ရေကူ ဖြည့်တင်းခြင်း နည်းလမ်းများ ရှာဖွေဖော်ထုတ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေး မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ငလိုက်ရာဘာရေလွှဲဆည်သို့ ရောက်ရှိကြပြီး ရာဘာရေလွှဲဆည်အတွင်း နုန်းဆည်ယူရန်လိုအပ်နေမှု ၊ တူးမြောင်းမကြီး ပြုပြင်မွမ်းမံနေမှု နှင့် ဆည်ရေသောက်စနစ်အဆင့်မြှင့်တင်မှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကြသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ပျဉ်းမနားဟောင်းအုပ်စု၊ ကြို့ပင်(အလယ်)ကျေးရွာ သို့ရောက်ရှိကြပြီး ကျေးရွာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံရာ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် နှင့် တာဝန်ရှိသူ များက ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းလုပ်ငန်း ဆိုင်ရာများ ၊ ကျေးရွာရေရှိရေးအတွက် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း၊ (၂၄၀၀)ဂါလံ ရေစင် တည်ဆောက်ခြင်းလုပ်ငန်း နှင့် ကျေးရွာဖွံ့ဖြိုးရေး ဆောင်ရွက်ပေးနေမှု တို့ကို ရှင်းလင်းတင်ပြကြ သည်။
၎င်းနောက် ဒုတိယဝန်ကြီး သည် ပျဉ်းမနားမြို့နယ် ပေါစံခေါကျေးရွာ စိုက်ပျိုးစီးပွား အသိပညာ ပေး စင်တာ ၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံရာ တာဝန်ရှိသူများက မြန်မာ့ စိုက်ပျိုးရေး ကဏ္ဍ ရှင်သန်နိုးကြားမှု မြှင့်တင်ရေးစီမံကိန်း လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု နှင့် စီမံကိန်း၏ အကျိုးကျေးဇူးများ ကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ဒေသဖွံ့ဖြိုးရေး နှင့် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အသိပညာ နည်းပညာပြန့်ပွားရေး ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး က ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်စေမည့် သီးနှံအမယ်သစ် များ ပြောင်းလဲ စိုက်ပျိုးရေး ၊ အရည်အသွေးကောင်းသီးနှံများ စိုက်ပျိုးထုတ်လုပ်ရေးအတွက် နည်းပညာနှင့် လိုအပ်ချက်များ ပံ့ပိုးကူညီပေးရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ပေါင်းလောင်းဆည်ရေသောက်စနစ်အတွင်း စနစ်ကျ စက်မှုလယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်းဆိုင်ရာများကိုလည်းကောင်း ၊ ပေါင်းလောင်း ရေလှောင်တမံ ကြံ့ခိုင်မှု ၊ ဆည်ရေ သိုလှောင်ထားရှိမှု ၊ ဝင်ရေ / ထွက်ရေ နှင့် မြို့ပြသုံးရေ အကျိုးပြုနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။