နယ်သတင်းများ သတင်းကဏ္ဍ

ဒီပဲယင်းမြို့နယ် တွင် မိုးစပါး(GAP)အသိအမှတ်ပြုလက်မှတ် ပေးအပ်။


၂၀၂၀ မိုးစပါး (GAP)အသိအမှတ်ပြု လက်မှတ် ပေးအပ်ပွဲအခမ်းအနား ကို ဇန်နဝါရီ ၂၂ ရက် နေ့လယ်ပိုင်းက ဒီပဲယင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး ကျေးရွာအုပ်စု(၁၂)အုပ်စု၊ ကွင်းပေါင်း(၂၂)ကွင်း၊ အစုအဖွဲ့(၂၂)ဖွဲ့မှ တောင်သူပေါင်း (၁၀၄၁)ဦး ၏ မိုးစပါး ရွှေဘိုပေါ်ဆန်း(၄၇၀၀)ဧက အတွက် (GAP) အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ရာ တောင်သူကိုယ်စားလှယ်(၂၂)ဦး တို့က လက်ခံရယူခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်နှင်းခိုင်စိုး၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးနိုင်လင်းထက် နှင့် ဒီပဲယင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ (GAP) အသိအမှတ်ပြု လက်မှတ်ရ တောင်သူခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နှင်းခိုင်စိုး နှင့် မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးနိုင်လင်းထက် တို့က ဒေသ၏ လယ်ယာကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးရေး နှင့် စံချိန်းစံညွှန်းမီ အရည်အသွေးကောင်း သီးနှံများစိုက်ပျိုး ထုတ်လုပ် နိုင်ရေး အတွက် ခေတ်မီနည်းပညာများ ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ချက်များကိုလည်းကောင်း၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအေးမင်းထွန်း က (GAP)အသိအမှတ်ပြု လက်မှတ်များရရှိရေးအတွက် လိုက်နာကျင့်သုံးရန်လိုအပ်သည့် လုပ်ငန်းစဉ်များ နှင့် ဆောင်ရွက်မှုအဆင့်ဆင့်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် (GAP)အသိအမှတ်ပြု လက်မှတ်ရ တောင်သူများကိုယ်စား တောင်သူကြီး ဦးအိုး က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်များ အတွက် အန္တရာယ်ကင်းရှင်းပြီး အာဟာရ ပြည့်ဝသည့် စိုက်ပျိုးရေးထုတ်ကုန်များ ရေရှည်စိုက်ပျိုးထုတ်လုပ်ရန် ရည်ရွယ်လျက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ GAP နှင့် Organic နည်းစနစ်များ ထွန်းကား လာစေရေး အတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန က ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာမှာ GAP Guidelines ကို အာဆီယံ GAP နှင့် အညီ ထုတ်ပြန်နိုင်ခဲ့ပြီး သီးနှံအမည် အသစ်များ တိုးတက်သတ်မှတ်နိုင်ရေးကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ၌ ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလမှ ၂၀၂၁ခုနှစ် ဇန်နဝါရီလ အထိ မိုးစပါး ၈၂၁၆.၄၇ ဧက ၊ ဆောင်းနှမ်း ၂၁၈၅.၄၄ ဧက၊ နွေနှမ်း ၂၆၈၃.၉ ဧက အပါအဝင် သီးနှံ (၁၆)မျိုး ၏ စုစုပေါင်း ၁၆၄၂၈.၁ ဧက အတွက် (GAP)အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေး ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။