ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် (NCSA Center) တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲနှင့် ရာသီဥတု ဒဏ် ခံနိုင်ရည်ရှိသော လူမှုအဝန်းအဝိုင်း အတွက် တီထွင်ဆန်းသစ်သည့် နည်းလမ်းများ ဆိုင်ရာ စာတမ်းဖတ်ပွဲ ကျင်းပ။

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO)၊ မြန်မာနိုင်ငံ FAO-SLM စီမံကိန်းနှင့် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်၊ အမျိုးသားအဆင့် ရာသီဥတုနှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေး ဗဟိုဌာန(NCSA Center)တို့ ပူးပေါင်းကျင်းပသည့် တတိယအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲ နှင့် ရာသီဥတု ဒဏ်ခံနိုင်ရှည်ရှိသော လူမှုအဝန်းအဝိုင်းအတွက် တီထွင်ဆန်းသစ်သည့် နည်းလမ်းများဆိုင်ရာ စာတမ်းဖတ်ပွဲကို ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းက Video Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက် အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးလှကျော်၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန် နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုး တက် ရေး ကော်မတီ ဥက္ကဌ ဦးရန်လင်း၊ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဌ ဒေါက်တာ မျိုးကြွယ်၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO) ဌာနေကိုယ်စားလှယ် Mr. Franz-Eugen Arnold ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး ၊ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနန်းဆိုင်ဟွမ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြား ရေး မှူးချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ အမျိုးသားအဆင့် ရာသီဥတုနှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေးဗဟိုဌာန နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် MONREC, GEF, တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အလုပ်ရုံဆွေးနွေးပွဲ နှင့် စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာ၌  (၆၇ ဒဿမ ၃ ရာခိုင်နှုန်း) သော မြန်မာနိုင်ငံသားများ မှီတည် အသက် မွေးရာ ကဏ္ဍကြီးနှင့် နိုင်ငံတော် GDP ၏ (၂၂ ဒဿမ ၄ ရာခိုင်နှုန်း)၊ နိုင်ငံခြား ဝင်ငွေ ရရှိမှု၏ (၁၉ ဒဿမ ၆ ရာခိုင်နှုန်း)ကို မြန်မာ့စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးဏ္ဍကပင် ထုတ်လုပ် ပေး လျက်ရှိကြောင်း၊ အဆိုပါကဏ္ဍကြီး ရေရှည်ဖွံ့ဖြိုးစေရေး ကြုံတွေ့နေရသည့် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ အဟန့်အတားများကို ကျော်လွှားနိုင်စေရန် Climate Change Adaptation, Mitigation ဆိုင်ရာ မူဝါဒများ၊ အလေ့အကျင့်ကောင်းများကို ဖော်ထုတ် ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံတော် အစိုးရ ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုး တိုးတက်မှု စီမံချက်ပါ ရည်မှန်းချက်တွင် သွင်းအားစု သုံးစွဲမှု အကျိုးရှိထိရောက်သော အလေ့ အကျင့်ကောင်းများ ၊ ကာဗွန်ထုတ်လုပ်မှု နည်းပါးသော အလေ့အကျင့်ကောင်းများ စသည်တို့ကို အားပေးကူညီ၍ လယ်ယာ သားငါးနှင့် မွေးမြူရေးကဏ္ဍများတွင် ရာသီဥတုနှင့် လိုက်လျော ညီထွေစွာ တုန့်ပြန် ဆောင်ရွက် ခြင်း Climate Smart Response ၊ ရာသီဥတုနှင့် လိုက်လျောညီထွေသော ထုတ်လုပ် မှုများ Climate Smart Production ဖြစ်ပေါ် လာစေရေး ကို ထည့်သွင်းအလေးထား ဆောင်ရွက် လျက် ရှိပါကြောင်း၊ စိုက်ပျိုး ထုတ်လုပ်သူများ၊ မျိုးစေ့ ထုတ် လယ်သမားများမှ အစပြု၍ ကြိတ်ခွဲ ပြုပြင်ရောင်းချသူများ နှင့် စိုက်ပျိုး စီးပွားရေး လုပ်ငန်းရှင်များ အတွက် အရေးပေါ် အစီအမံ ကောင်း များကို Covid-19 ထိခိုက်မှု လျော့ပါး သက်သာစေရေးစီမံချက်(CERP)နှင့်အတူ မြန်မာ့စီးပွားရေး ထိခိုက်မှုကို တွန်းလှန် လွန်မြောက် နိုင်ရေးနှင့် ပြုပြင် ပြောင်းလဲရေး စီမံချက် (MERRP)တွင် ထည့်သွင်း ရေးဆွဲပြီး အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ မူဝါဒများ မဟာဗျူဟာများကို အခြေခံပြီး မိမိတို့ နိုင်ငံ အတွက် အမှန်တကယ် လိုအပ် နေသည့် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိစေမည့် တီထွင်ဆန်းသစ်သော နည်းလမ်းကောင်းများကို ယနေ့ ကျင်းပမည့် အလုပ်ရုံဆွေးနွေးပွဲ နှင့် စာတမ်းဖတ်ပွဲများက ဖော်ထုတ် ပေးနိုင်မည်ဟု မျှော်လင့် ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO) ဌာနေကိုယ်စားလှယ် က ကျေးဇူးတင်စကား ပြောကြားပြီး  ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ နန်းဆိုင်ဟွမ် က ရာသီဥတုဒဏ် ခံနိုင် ရည်ရှိသော လူမှုအဝန်းအဝိုင်းအတွက် တီထွင် ဆန်းသစ်သည့် နည်းလမ်းများဆိုင်ရာ စာတမ်းဖတ်ပွဲ ပြုလုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ အခြေစိုက် တည်ထောင်ထားသော အမျိုးသားအဆင့် ရာသီဥတု နှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေး ဗဟိုဌာန အနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးအခြေအနေကို ထိန်းသိမ်းဆောင်ရွက်ရာတွင် ပြောင်းလဲလာသော ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်စေရန်နှင့် ပါဝင်ဆောင်ရွက်သူများ၏ စွမ်းရည်မြှင့်တင်နိုင်ရေး ရည်ရွယ်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာ နှင့်စိုက်ပျိုးရေးအဖွဲ့၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာန တို့ ပူး‌ပေါင်း ဆောင်ရွက်ခြင်းဖြစ်သည်။

ယနေ့ကျင်းပပြုလုပ်သော ရာသီဥတုဒဏ် ခံနိုင်ရည်ရှိသော လူမှုအဝန်းအဝိုင်းအတွက် တီထွင် ဆန်းသစ်သည့် နည်းလမ်းများဆိုင်ရာ စာတမ်းဖတ်ပွဲ ပထမအပိုင်းတွင် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာလှသန်း က လည်းကောင်း၊ ဒုတိယပိုင်းတွင် ဒေါက်တာသီဟ (Sustainable Forest Management Specialist) နှင့် Mr. Jitendra P. Jaiswal  (Climate Smart Agriculture Specialist) တို့က လည်းကောင်း အခမ်းအနား သဘာပတိများ အဖြစ် ဆောင်ရွက်ခဲ့ကြပြီး စာတမ်းရှင်များက စာတမ်း ၁၀ စောင် ဖတ်ကြား တင်သွင်းခဲ့ကာ ၁၅၀ ဦးခန့် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။