ရေထွက်ကုန်ပစ္စည်းများ ကို အလားအလာကောင်းသည့် ပြည်ပစျေးကွက်များနှင့် ချိတ်ဆက်နိုင်ရန် အစိုးရများအချင်းချင်းအကြား သဘောတူညီမှုရရှိရန် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံမှ ထုတ်လုပ်သည့်ငါးများကို COVID-19 ရောဂါပိုးမွှား ကင်းစင်ကြောင်း အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ အပါအဝင် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် တို့နှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း၊ ရန်ကုန်နှင့် မန္တလေး တို့တွင် ဆောင်ရွက်မည့် ထောက်ခံချက်ထုတ်ပေးရေးဆိုင်ရာ စစ်ဆေးရေး လုပ်ငန်းများ တွင် လိုက်နာရမည့် စံများ သတ်မှတ်ပေးခြင်း၊ ဝန်ထမ်းများ နည်းပညာ အရည်အသွေး မြှင့်တင် ပေးခြင်း၊ အအေးခန်းစက်ရုံများအား အသိပညာပေးခြင်းတို့ကို တပြိုင်တည်း ဆောင်ရွက်သွားရန် လိုအပ်မှာ ဖြစ်ကြောင်း၊ ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန အစည်းအဝေးတွင် ကျင်းပပြုလုပ်သည့် ငါးလုပ်ငန်း ကဏ္ဍအပေါ် Covid-19 သက်ရောက်မှုအား တုံ့ပြန်ဆောင်ရွက်မည့် အစီအစဉ်များ ညှိနှိုင်း အစည်းအဝေး တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင် က ငါးစားသုံးမှု ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးဆုံးဖြတ်ချက် နှင့်ပတ်သက်၍လည်းကောင်း ၊ သမဝါယမ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ က သမဝါယမကဏ္ဍက ရေထွက်ကုန် ပစ္စည်းများ ဝယ်ယူရောင်းချမှုဆိုင်ရာလုပ်ငန်းများကိုလည်းကောင်း တင်ပြကြရာ အစည်းအဝေး တက်ရောက် လာကြသူများက ငါးစားသုံးမှုဖွံ့ဖြိုးတိုးတက်ရေး၊ ငါးလုပ်ငန်းဦးစီးဌာန နှင့် သမဝါယမဦးစီးဌာန တို့ ပူးပေါင်းဆောင်ရွက်ရမည် လုပ်ငန်းစဉ်ဆိုင်ရာများ၊ ငါးစျေးကွက် ရှာဖွေရေး၊ ငါးတွင်ပါဝင်သည့် အာဟာရဓါတ်တန်ဖိုး ပြည်သူများသိရှိနိုင်ရေး တိုးချဲ့ ပညာပေးရေး နှင့် ပြည်တွင်းငါးစျေးကွက် ရှာဖွေဖော်ထုတ်ပေးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
သမဝါယမကဏ္ဍအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့နယ်သမဝါယမ ဦးစီးဌာနနှင့် မြို့နယ်အသင်းစုတို့ပါဝင်သော ရေထွက်ကုန်ပစ္စည်းရောင်းချရေးကော်မတီအဖွဲ့များ ဖွဲ့စည်း၍ မြို့နယ်အတွင်း ရေထွက်ကုန် ပစ္စည်း ဖြန့်ဖြူးရောင်းချခြင်းအား No Profit , No Loss ကျင့်စဉ်နှင့် အညီ စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ၊ ရေထွက်ကုန်ပစ္စည်းများအား တိုင်းဒေသကြီး/ ပြည်နယ် ပြင်ပ သို့ ရောင်းချနိုင်ရေးအတွက် အသင်းစုချုပ် အချင်းချင်း ချိတ်ဆက် ငါးကဏ္ဍဖွံ့ဖြိုးရေးကို စီစဉ်ဆောင်ရွက်သွား မည်ဖြစ်သည်။
ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ကောင်းမွန်သော ရေနေသတ္တဝါ မွေးမြူရေးကျင့်စဉ် GAqP နည်းပညာ တိုးချဲ့ပညာပေးရေး အဖွဲ့ကို ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ GAqP ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်သင်တန်း ဟောပြောပွဲပေါင်း(၁၁၁)ကြိမ်တွင် (၅၀၀၀)ဦးကို လည်းကောင်း၊ GAqP ၏ အလုပ်ရုံဆွေးနွေးပွဲများ ကို လည်းကောင်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ငါး၊ ပုစွန်၊ ကဏန်း မွေး ကန် (၉၃၆၄ ဧက)အတွက် GAqP အသိအမှတ်ပြုလက်မှတ် (၁၀)ခုကို ထုတ်ပေး ခဲ့ပြီးဖြစ်သည်။ အလားတူ MySap စီမံကိန်းနှင့် ပူးပေါင်း၍ GaqP စံချိန်စံညွှန်းကို အာဆီယံ စံချိန်စံညွှန်းများနှင့်အညီ ရေးဆွဲခဲ့ရာ မူကြမ်းထွက်ရှိပြီး ဖြစ်သည်။
ငါးလုပ်ငန်းဦးစီးဌာန ဓါတ်ခွဲခန်းအနေဖြင့် ISO: IEC – 17025 ရယူထားပြီး ပြည်ပ တင်ပို့သည့် ရေထွက်ပစ္စည်းအား ဓါတ်ခွဲစစ်ဆေးပေးလျက်ရှိရာ ISO: IEC – 17025 အရ Parameter များ တိုးချဲ့စစ်ဆေးနိုင်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ ပုဂ္ဂလိကကဏ္ဍ အဆင့်မီ ဓါတ်ခွဲခန်းများ ပေါ်ပေါက်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။