ဆောင်းပါး

“စိုက်ပျိုးရေးအသိပြန့်ပွားရေး”              ကိုရဲ(စိုက်ပျိုးရေး)

စိုက်ပျိုးရေးအတတ်ပညာ၊ နည်းပညာများကို ရက်တိုသင်တန်း တက်ရောက် ခဲ့ကြသူများ ဖြစ် စေ၊ နှစ်ကာလတစ်ခုအထိ သင်တန်းတက်ရောက်ပြီး အောင်လက်မှတ် ရရှိသူတွေ၊ ဘွဲ့အဆင့်ဆင့်ရရှိခဲ့ ကြသူ‌တွေ အားလုံးနီးပါးသည် တတ်သိ၊ သိရှိခဲ့သော စိုက်ပျိုးရေး အတတ်ပညာ အသိ ၊ သိရှိမှုများကို ပြန်လည် မျှဝေ ဖြန့်ပေးလိုစိတ် ရှိကြသူများ ဖြစ်ကြပါသည်။

ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါလှိုင်း အမျိုးမျိုး ကြုံတွေ့နေကြချိန်တွင် တစ်ဦးနှင့် တစ်ဦး၊ တစ်ခုနှင့်တစ်ခု အနည်းငယ် ဝေးကွာသွားကြမည်ဟု ထင်မိပါသည်။ သို့သော် ဆက်သွယ် ရာ တွင် တစ်ဦးနှင့်တစ်ဦး မထိတွေ့၊ မနီးကပ်ဘဲနှင့် ဆက်စပ်ပြန့်ပွားနိုင်သော၊ ခေတ်မီ ဆက်သွယ်ရေးနည်းပညာ များ ရှိနေခဲ့ပါသည်။  အထူးသဖြင့် လက်ကိုင် တယ်လီဖုန်း များ ဖြင့် စိုက်ခင်းမှ ကြုံရသမျှ အခက်အခဲ များကို စိုက်ပျိုးရေးကောစင်တာသို့ ဆက်သွယ် မေးမြန်း နိုင်ကြသလို ကျရောက်နေတဲ့ ပိုးမွှားရောဂါ များကို ဓါတ်ပုံရိုက်ပို့ပြီး မေးကြ၊ ဖြေကြ နှီးနှောဖလှယ်နိုင်ကြပြီး ဒီလို လုပ်လိုက်ပါ၊ ဒီနည်းနဲ့ ကာကွယ်ပါ၊ ဒါက ပိုးကျတာ၊ ဒါက အပင်မှာ ရောဂါဖြစ်နေတာ စသည်ဖြင့် ဆက်သွယ် ပြောနိုင်ကြပြီး များပြားလှစွာရှိလာနေသော အက်ပလီ ကေးရှင်းများ၊ ဖေ့ဘွတ်ခ်အကောင့်များကို  တောင်သူများ ဆက်သွယ် အသုံးပြုလာကြပါသည်။ သို့သော် အများစုမှာ အတတ်ပညာ၊ နည်းပညာ နှင့် အကျိုးရှိမည့် သတင်းအချက်အလက်များ ရှာဖွေအသုံးပြုကြသည်ထက် အခြားအကြောင်း အရာများဖြင့် ဖေ့ဘွတ်ခ် ပေါ်မှာ အချိန်ကုန် နေကြသည်က များနေကြသလို ထင်မိပါသည်။

ပညာပေးသည်ထက် မိမိသိရှိပြီး စိုက်ပျိုးရေးအသိ ပြန့်ပွားရေးလုပ်သည်က ပညာ တွေ ပေးနေသည်ထက် ပိုသင့်လျော်ပါမည်။ စိုက်ပျိုးရေးတိုးချဲ့နည်းပညာပေးရေးဆိုသော စကားလုံးကို သုံးပြီး “ပညာပေး”ဆိုသော စကားကို မသုံးလိုပါ။ တောင်သူမှာလည်း တောင်သူ အသိပညာရှိ၍ စိုက်ပျိုးရေး ပညာ သင်ကြားတတ်မြောက်ပြီးသူများကလည်း တောင်သူထံမှ ပညာယူနေကြရပါသေးသည်။ စာတွေ့ နှင့် လက်တွေ့ ပေါင်းစပ်ခြင်းပြုလုပ်မှု၊ သူ့အသိ ကိုယ်ယူ၊ ကိုယ့်အသိ သူယူ မျှဝေကူကြမည်။

ကျွန်တော်သိသမျှ စိုက်ပျိုးရေးပညာဖြန့်ဝေရာတွင် နည်းလမ်းများစွာ ရှိနေပါသည်။ ကျွန်တော်တို့က တောင်သူများကို ဦးတည်၍ သိသမျှ ဖြန့်ဝေ၊ မျှဝေခြင်းဖြစ်သဖြင့် အခြေခံများ ကို အဓိက ဖြန့်ဝေပါသည်။ တောင်သူအတွက်ဖြစ်ပါသည်။ တတ်သိပြီးသူများ အတွက်ကတော့ တိုးတက်ပြောင်းလဲ လာသော၊ ရပ်တန့်မနေသည့် စိုက်ပျိုးရေး နည်းပညာများကို ဌာန၊ သုတေသန နှင့် စိုက်ပျိုးရေးတက္ကသိုလ် များမှ ဖြန့်ဝေမှု၊ မိမိကိုယ်တိုင် လေ့လာလာရှာဖွေမှုတို့မှ ဆက်လက် ပညာယူနေကြရပါဦးမည်။ ထိုမှ သိသမျှ စိုက်ပျိုးသူများထဲ ရိုးရိုးရှင်းရှင်း နားလည် လွယ်သော၊ ရေးသားပြောကြား၊ ထိတွေ့၊ ပြသ နေကြရ ပါဦးမည်။

စိုက်ပျိုးရေးအသိပညာဖြန့်ဖြူးမှုတွင် ဌာနအနေဖြင့် နည်းလမ်းမျိုးစုံဖြင့် ကျင့်သုံး ပြုလုပ်ခဲ့ကြ ပါသည်။ အဓိကမှာ စိုက်ပျိုးရေးသုတေသနမှ တွေ့ရှိသော မျိုးကောင်း၊ နည်းစနစ် ကောင်းများကို တောင်သူကြီးများက ယုံကြည်လက်ခံပြီး လိုက်နာကျင့်သုံးကြသည်အထိ ရှေ့ဆောင် လမ်းပြ၊ ပညာမျှဝေ သည့် လုပ်ငန်းဖြစ်သဖြင့် သိစေလိုသော နည်းပညာများကို တောင်သူက ရှင်းရှင်းလင်းလင်း နားလည်စေရန် မရှုပ်ထွေးအောင် ဒေသစကား ၊ ဒေသခံတွေ အသိ နှင့် ကိုက်ညီအောင် ပြုလုပ် ပေးနိုင်မှုသည် အရေးကြီးပါသည်။ တောင်သူများ နားမလည် မရှင်းလင်းသော ရှုပ်ထွေးမှုများ၊  လက်ခံနိုင်သော အသိထက် ပိုလွန်းသည်များကို ရှောင်ရှား ကြရပါသည်။

ထို့ကြောင့် စေတနာလိုသည်။ တောင်သူတွေ အကျိုးရှိပါစေ၊ ကောင်းစားကြပါစေ၊ ကုသိုလ်ရ သည့် ဖြူစင်သောစေတနာ ရှိရပါသည်။ မိမိကိုယ်တိုင်ကလည်း စာတွေ့ လက်တွေ့ ကျွမ်းကျင်မှုရှိရပါ မည်။ ဤအဖြေကို ဝီရိယထား၍ အချိန်မဆွဲဘဲ အချိန်သင့်၊ အချိန်ကိုက် ပြန့်ပွားပေးရပါမည်။ ကျွန်တော် ၏ အတွေ့အကြုံများအရ တောင်သူကြီးများစိုက်ခင်းထဲတွင် လက်တွေ့သရုပ်ပြသစိုက်ပျိုးခြင်းက တစ်နည်း၊ ပြောဟောခြင်းက တစ်နည်း၊ စာရွက်စာတမ်း ဝေငှခြင်းက တစ်သွယ်၊ ပြပွဲ၊ ပြိုင်ပွဲ ပြသခြင်းနှင့် ရုပ်ရှင်၊ ရုပ်သေး၊ ဓါတ်ပုံ၊ ဗွီဒီယို၊ ဇာတ်လမ်းတို ပြသပြောဟောခြင်းက တစ်ဖုံ၊ စိုက်ပျိုးရေးပြခန်း၊ ပြပွဲများ၊ ရန်ကုန် မြေပဒေသာကျွန်း ရှိ စိုက်ပျိုးရေးပြတိုက် ကဲ့သို့ ခင်းကျင်းပြသခြင်းနှင့် ဒူးတိုက် ဆွေးနွေးခြင်းက တစ်နည်းဟု ရှိခဲ့ဖူးပါသည်။ နောက်ဆုံးနည်း ဒူးတိုက် ဆွေးနွေးပွဲကတော့ ဤကာလ(ကိုဗစ်-၁၉ ကြောင့်) မဖြစ်နိုင်တော့ပါ ၊ ကျေးလက်တောရွာများတွင် နေထိုင်မှုစနစ်၊ လယ်ယာ လုပ်ငန်းခွင် ၏ သဘောအရ ကိုဗစ်-၁၉ ကူးစက်ရောဂါကူးစက်မှုသည် မြိုကြီးပြကြီးများလောက် မပြင်းထန် သည်ကို တွေ့ရှိနေရ သော်လည်း ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး သတိရှိသင့်သည်ကို မမေ့သင့်ပါ။

အိန္ဒိယနိုင်ငံတွင် လူဦးရေ များပြားပါသည်။ အများစုသည် ကျေးလက်တောရွာ၊ လယ်ယာ လုပ်ငန်း လုပ်ကိုင်ကြသူက များပါသည်။ အခြေခံပညာမှာလည်း အားနည်းကြသူများ ဖြစ်၍ စိုက်ပျိုးရေး အသိပညာပေးရာတွင် ရုပ်ရှင်ပြသခြင်း၊ သူတို့၏ လယ်ကွင်းတွင် လက်တွေ့ စိုက်ပျိုးပြသခြင်း၊ ပြောဟော ခြင်းက ပိုပြီးထိရောက်ခဲ့ပါသည်။ ကျွန်တော်ကိုယ်တိုင် တွေ့မြင်ခဲ့ရ သည်မှာ ယခုအခါ အိန္ဒိယ တောင်သူ လယ်သမားအများစုသည် လက်ကိုင် တယ်လီဖုန်းဖြင့် ကြည့်ရှုဆက်သွယ်၊ မေးမြန်းအဖြေရှာ လုပ်ကိုင် နေကြပါပြီ။ ဖိလစ်ပိုင်နိုင်ငံ တွင် တောင်သူအများစုသည် ခေတ်မီစာတတ်ကြပါသည်။ အင်တာနက်အသုံး ပြုကြသည်။ ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးပြတိုက်သည် ခေတ်မီ ပြတိုက်ဖြစ်သဖြင့် တောင်သူကြီးများ လာရောက်ကြည့်ရှုရာ၊ နည်းပညာရယူရာ ၊ ဆွေးနွေးရာ နေရာကြီးတစ်ခုဖြစ်သည်ကိုလည်း ‌လေ့လာဖြစ် ခဲ့ရဖူးပါသည်။

 

ကိုဗစ်ကာလတွင် ယခင်လို လုပ်ငန်းတွေ လုပ်ကိုင်ရမှု အခွင့်အလမ်း နည်းပါးခဲ့သဖြင့် ရှေ့ခရီးတွင်စေမည့် နည်းလမ်းသစ်များကို ပုံမှန်ရေရှည် ပြောင်းလဲ ကျင့်သုံး လာကြ ရပါ တော့မည်။ သီးနှံ စိုက်ပျိုးရေးကလည်း စားနပ်ရိက္ခာအတွက် မရှိမဖြစ် ရှိနေသဖြင့် စိုက်တဲ့သူ ကလည်းစိုက်နေကြရ ပါဦးမည်။ စိုက်ပျိုးသူတောင်သူများထံ နည်းသစ်၊ စနစ်သစ်၊ မျိုးသစ်၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းမှု နည်းသစ်များကိုလည်း ဖြန့်ဝေပြန့်ပွားပေးနေရဦးမှာလည်း မလွဲမသွေ ရှိနေပါဦးမည်။

ဟိုယခင်ကာလ စပါးအပါအဝင် အဓိက စားသုံးသီးနှံအချို့ကို အထွက်တိုး ပြုလုပ်ခဲ့စဉ် ကာလကြီးတွင် တောင်သူလယ်သမားများနှင့် ဌာနဝန်ထမ်းများ၏ ရင်းနှီး ဆက်ဆံမှု သည် အထူးအောင် မြင်ခဲ့ပါသည်။ ဝန်ထမ်းများသည် တောင်သူနှင့်အတူ ရွာမှာ နေထိုင်ကြ သည်။ စားသောက်ကြသည်။ လယ်ထဲဆင်းကြသည်။ ကြုံလာရသမျှ ပြဿနာ ချက်ခြင်း ဖြေရှင်းကြသည်။ အထွက်တိုးစခန်းများသည် ရွာ၏ တောင်သူ့တဲ၊ တောင်သူ့ဘုံရိပ်သာ၊ တောင်သူတွေအနားယူရာ၊ ဆွေးနွေးခန်းမ၊ လူမှုရေးနှင့် သာရေးကိစ္စ၊ အလှူမင်္ဂလာခန်းမ ဖြစ်ခဲ့ကြသည်။ ယခုတော့ လွမ်းစရာလေးတွေ ကျန်ခဲ့ပါပြီ။ အထွက်တိုး စခန်းများသည် စိုက်ပျိုးရေးအသိပြန့်ပွားရေးစင်တာကြီးဖြစ်ခဲ့ပါသည်။ အချို့များ သံယောဇဉ် အမျှင်တန်း ၍ ကျေးရွာများတွင် အိမ်ထောင်ကျ နေထိုင်နေခဲ့ကြပါသည်။ တစ်ချို့လည်း ရွာမှ မြို့သို့ ပါလာခဲ့ကြ ပါသည်။ ညအခါ လထိန်ထိန်သာမှာ ကောက်ရိုးပုံထဲ အိပ်ခဲ့ကြရသည်။ ရေမရ၍ ညဘက် မှောင်မှောင် လက်နှိပ်ဓါတ်မီးနှင့် ငါးဖမ်း၊ မြောင်းပိတ်သူများ လိုက်ရှာရ၊ မြွေမကြောက် ကင်းမကြောက် ရန်ပြုမှာ မကြောက် လုပ်ကိုင်ခဲ့ကြပါသည်။ ဌာန၏ စိုက်ပျိုးရေး၊ ပြန်ကြားရေးဌာနစိတ်မှ တောင်သူအကြိုက် ရုပ်ရှင် ဇာတ်ထုပ်များ မြို့ပေါ်မှ ငှားရမ်းလာပြီး ပြသလျင် ရုပ်ရှင် မပြခင် လူတွေက ပိတ်ကားထောင် ကထဲက  စုပြုံလာနေကြပြီး ဇာတ်ကား မပြခင် ဟောရ ပြောရ၊ ခဏနေ ရုပ်ရှင်ပြ၊ တဝက်တပျက် ကောင်းခန်းရောက်လျှင် ခနရပ်၊ စိုက်ပျိုးရေးအကြောင်း မိုက်နှင့်ပြော၊ ခဏနေ ရုပ်ရှင်ထပ်ပြနှင့် မိုးအလင်း ဇာတ်ကား သုံးကားခန့် ပြကြရသည်။ ကျေးရွာလူထုမှာ ပြောဟောခြင်းထက် ဆွေးနွေးခြင်း ပိုကြိုက်ကြ သည်။ ရာသီအလိုက် ပြိုင်ပွဲ၊  ပြပွဲ လာရောက်ပြုလုပ်ပေးလျှင် နှစ်ခြိုက်ကြသည်။ စိုက်ခင်း ထဲမှာ ဆွေးနွေးမှုဖြင့် စိုက်ပျိုးရေးအသိ ဖလှယ်နိုင်သကဲ့သို့ တောင်သူများ၏ စိုက်ပျိုးရေး ပြဿနာ အခက်အခဲတို့ကို တန်းသိနိုင်ပါသည်။

စိုက်ပျိုးပညာပေး စာရွက်၊ လက်ကမ်းစာစောင်မျိုးစုံ ပုံနှိပ်ဖြန့်ဝေဖြင်းကလည်း ရုပ်ရှင်ပြသ ခြင်း၊ ဗွီဒီယိုပြသခြင်းကဲ့သို့ အခြေခံ စာတတ် စာဖတ်တတ်သူများနှင့် တဆင့် စာတတ်သူမှ စာမတတ် သူကို ပြောပြခြင်းများလည်း တစ်နည်း ထိရောက်ပါသည်။ ဌာနမှ စာစောင် ထုတ်ဝေ ဖြန့်ချိမှု က အလွန်ထိရောက်ပါသည်။ စာနည်းနည်း ပုံများများဖြင့် လက်ကမ်းစာစောင်က စာအုပ်ထက်ပို၍ ထိရောက်မှု ရှိပါသည်။ ဌာနစာစောင်လေး ကိုင်ရ သည်ကိုက တောင်သူတွေမှာ ပီတိ ဖြစ်နေကြပါသည်။ သို့သော် နည်းပညာပေး စာစောင်ကို တောင်သူများ လိုသလောက် အရေအတွက် ပုံနှိပ် မဖြန့်ဝေဘဲ မြို့နယ်အဆင့်ဆင့် အုပ်ချုပ်သူ လုတစ်စုအတွက်သာ မစို့မပို့ အနည်းငယ်လောက်သာ ပုံနှိပ် ဖြန့်ဝေလျင် စာစောင်ရသူက စိုက်ပျိုးရေးအကြောင်း ကြိုတင်ဖတ်လာပြီး စာစောင်မရသည့် အများစု စိုက်ပျိုးရေး ဝန်ထမ်းများကို “ဒါလေးမှ မသိဘူးလား” ဟု အဟိန်းအဟောက်ခံရမှုများလည်း ရှိခဲ့ဖူးပါသည်။

မြို့နေလူထုကလည်း တစ်ပိုင်တစ်နိုင် ကိုယ်တိုင်စိုက်ပျိုးစားသုံး လိုကြသည်။ မြေရှိ၊ ခြံရှိသူကလည်း စိုက်ချင်၊ တိုက်တန်းတိုက်ခန်းတွင် မြေမရှိသူကလည်း စိုက်ချင်ကြသဖြင့် မြို့နေလူထုအတွက် ထိရောက်သည့် စိုက်ပျိုးပညာပေးလုပ်ငန်းအဖြစ် ပျိုးခင်းစျေးပွဲတော်၊ မြေပဒေသာ ဥယျာဉ်စိုက်ခင်း၊ ကန်တော်ကြီးပြပွဲများဖြင့် ရန်ကုန်မြို့တော်တွင် ခင်းကျင်းပြသ ခဲ့ကြသလို မန္တလေး၊ ပုသိမ်၊ စစ်တွေ၊ မော်လမြိုင်၊ ဘားအံ စသည့် မြို့ကြီးများတွင်လည်း သစ်သီးဝလံ ဟင်းသီးဟင်းရွက် ပန်းမန်ပြပွဲ ပြိုင်ပွဲ နှင့် စိုက်ခင်းများ တွဲဘက်ပြသမှုများ ပြုလုပ်ခဲ့ကြရာ အချို့ပြပွဲများ တစ်လ၊ တစ်နှစ် ကြာသည်အထိ ပြသခဲ့ကြရပါသည်။ ရန်ကုန် မြို့ ကန်တော်ကြီးမြေပဒေသာဥယျာဉ်တွင် ပျိုးခင်းဈေးပွဲတော် ကို တစ်နှစ်ကျော်ကြာ ပြသ၍ ပျိုးပင်ရောင်းချ၊ စိုက်ခင်းပြသ၊ ခြံထွက်သီးနှံ ရောင်းချပြီး မြို့ပြစိုက်ပျိုးနည်းနမူနာအဖြစ် “အမိတို့မြို့သူ”အိမ်ရာပုံစံနဲ့ ခင်းကျင်းပြသထားသလို  မြေအနည်းငယ်နှင့် စိုက်ခင်းကျယ်  ကျယ်  စိုက်ပျိုးထားခြင်းတို့ဖြင့် အသီးအနှံစုံ နည်းပညာစုံ ပါဝင်အောင် စိတ်ဝင်စားဖွယ် ခင်းကျင်း ပြသတဲ့ ပွဲတွေကို လူအများ လာရောက်ကြည့်ကြ၊ ပျိုးပင်ဝယ်ကြ၊ သယ်ကြ၊ စိုက်ခဲ့ရ သည့် ပြပွဲပုံစံပြသခြင်းဖြစ်ပါသည်။

တချိန်က မြေပဒေသာပွဲတော်များ၊ ရုပ်ရှင်ဂီတနဲ့ နိုင်ငံကျော် မင်းသား၊ မင်းသမီးများ ဖြင့် ပြဇာတ်များ၊ ကပွဲများ ပူးတွဲပြသပြီး စိုက်ပျိုးရေးနည်းပညာအပေါ် ပြည်သူများ စိတ်ပါဝင် စားလာကြစေရန် ဆွဲခေါ်ခဲ့ကြရပါသည်။ တေးဂီတအဖွဲ့ကို ဖွဲ့စည်း၍ စိုက်ပျိုးရေး တေးများ ရေးသား အသံသွင်းခဲ့ရာ ဒို့များမြေပဒေသာသီချင်း၊ ရွှေဝါထွန်းသီချင်း၊ စိုက်ပါပျိုးပါ မြေပဒေသာ သီချင်း၊ ဒို့တောင်သူသီချင်း တို့ကို ဆရာရွှေပြည်အေး၊ စန္ဒယားနီနီ နှင့် ချစ်စပယ်၊ လုံမလေး၊ ဇော်မင်းလေး၊ စိမ်း-ကိုမြင့်ဆွေ၊ မိုးမင်းဝင်း ၊ ဝင်းပပ တို့ပါဝင်သည့် မြေပဒေသာ တီးဝိုင်းဖြင့် စိုက်ပျိုးရေးအသိပြန့်ပွားရေး ပြုလုပ်ခဲ့သော ရန်ကုန်မြို့၊ ကန်တော်ကြီး၊ မြေပဒေသာ ပွဲတော်ကြီးကလည်း အမှတ်တရ ရှိနေခဲ့ပါသည်။ မြို့နေလူထုအတွက် မြေပဒေသာကျွန်း စိုက်ပျိုးရေး ပြကွင်း အမြဲတမ်းပြကွက်များ ယခုတိုင်ရှိနေမှုသည် လာရောက် ကြည့်ရှု မြင်တွေ့သူတိုင်းက “စိုက်ကြည့်ဦးမှပါပဲ” ဟု အသိရှိလာကြရပါသည်။

 

ရုပ်မြင်သံကြား မပေါ်ခင်ကာလက အသံလွှင့်လုပ်ငန်းအဖြစ် မြန်မာ့အသံတွင် တောင်သူလယ်သမားကဏ္ဍ၊ အလုပ်သမားကဏ္ဍ၊ လူငယ်ကဏ္ဍဟူ၍ ကဏ္ဍသုံးရပ်ရှိခဲ့ရာ  သက်ဆိုင်ရာ ဌာနများပါဝင်သည့် အသံလွှင့်ကော်မတီများဖွဲ့စည်း၍ အသံလွှင့်ခဲ့ကြပါသည်။ တောင်သူလယ်သမားကဏ္ဍမှ ဟောပြောချက် ဆွေးနွေးခန်း၊ ကျေးလက်ဇာတ်လမ်း၊ ကျေးလက်တေးသီချင်းများကို လစဉ်ကော်မတီဝင်များ ဆွေးနွေးစည်းဝေးပြီး အသံလွှင့် ခဲ့ကြသည်။ ကျေးလက်တောရွာလယ်ကွင်းသို့ ခရီးထွက်မေးမြန်းကြသည်။ ရုပ်မြင်သံကြား ပေါ်လာသောအခါ ပို၍ထိရောက်လာသည်။ အသံကြားရုံမက အရုပ်ပါမြင်တွေ့လာရ၍ ပိုကြိုက်ကြသည်။ ထို့ကြောင့် ဒေသအနှံ့ ခရီးများများ ထွက်၍ ရိုက်ကူးပြသကြရတော့သည်။ ဇာတ်လမ်းတိုများရိုက်ကူးရာတွင် “စိုက်ပျိုးစီးပွားနိုင်ငံအား” ဖြင့် စတင်ခဲ့ပြီးနောက်တွင်၊ “စိုက်ပျိုးစွမ်းအား ပြည်ထွန်းကား” ဟုထပ်မံ၍ ရိုက်ကူးထုတ်လွှင့်မှုကို စိုက်ပျိုးရေးဌာနသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ပူးတွဲ၍ ဆောင်ရွက်ခဲ့သော တောင်သူ့ ထံ စိုက်ပျိုးရေး အသိပညာ ပေးပို့နိုင်ခဲ့မှုက အလွန်ထိရောက်ခဲ့ပါသည်။

မြို့နေလူထု စိုက်ပျိုးမှုအတွက်လည်း “ စိုက်ပျိုးမွေးမြူ၊ ဒို့ပြည်သူ” အမည်ဖြင့် ဆယ်မိနစ်စာ ဇာတ်လမ်းများကို ရုပ်ရှင်၊ ဂီတပညာရှင်များနှင့် နှစ်နှင့်ချီပြီး အရေအတွက် များစွာရိုက်ကူးထုတ်လုပ်နိုင်ခဲ့သဖြင့် နေ့စဉ်ပြသနိုင်ခဲ့သည်။ ဝရန်တာစိုက်ခင်း၊ သံပုရာသီး ကော့မိုင် ၊ စိုက်တော့စားရတာပေါ့ ၊ ရွှေချဉ်ပေါင် စသည့် ဇာတ်လမ်းများကြောင့်၊ မိသားစု တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက် စိုက်ပျိုးလာကြမှုများ ပြုလုပ်လာကြတော့သည်။ ဤလုပ်ငန်း ကို ဌာနတစ်ခုတည်းဖြင့် ပြုလုပ်၍ ခရီးတွင်သည်ထက် အခြားသောဌာနများနှင့် ဆက်စပ် ပူးပေါင်း လက်တွဲ ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးအသိပြန့်ပွားရေး လုပ်ငန်းကို ပိုမိုထိရောက် စေခဲ့သည်။ ကျေးလက်နေလူထုထဲသို့လည်း ရာသီကိုက်၊ အချိန်ကိုက် ချက်ခြင်းသိ ချက်ခြင်းပြုလုပ်လာနိုင်သော ထိရောက်မှု၏ စွမ်းအားကလည်း ကြီးမားလှ ပါသည်။ ဤတွင် ကျေးလက်လူထုအတွက်ကဖြင့် ဓါတ်ခဲရေဒီယိုကလေးရှိထားသည်နှင့် ယခုလွှင့် ယခုကြားသိရ တော့သည်။ တိုက်ရိုက်ထုတ်လွှင့်မှုများကြောင့် ချက်ချင်းသိ ချက်ချင်း တုံ့ပြန်နိုင်စေခဲ့သည်။

အမေးအဖြေဆိုလျှင် တောင်သူများကျေနပ်ကြသည်။ အက်ဖ်အမ်ရေဒီယို စတေရှင်များ များစွာရှိလာကြသောအခါ၊ တိုင်းရင်းသား ဘာသာဖြင့်လည်း ပြည်နယ်များ အလိုက် အသံလွှင့် အသိပေးနိုင်သည်။ ကျွန်တော်သိသမျှဆိုလျင် ကျေးရွာအချို့တွင် ရွာထဲရှိ အပင်မြင့်ပေါ်မှ လော်စပီကာ၊ ဂေါ်လန်ကြီးချိတ်ထားပြီး တစ်ရွာလုံးကြားရအောင် ပြုလုပ်ပေး နေမှုများ ရှိနေကြောင်း၊ လက်ကိုင် တယ်လီဖုန်းရှားပါးချိန်က ဤသို့ဖြင့် ဂေါ်လံကြီးမှ ဘယ်သူ ဘယ်ဝါရေ ဖုန်းလာနေပြီ ဘယ်ကလာတာ လာပြီးပြောလှည့်ဟု ပြုလုပ်ကြသေးသည် ဟုလည်း သိရသည်။ ယခုဆိုလျင် မြန်မာ့ရုပ်မြင်သံကြားမှ တောင်သူလယ်သမားကဏ္ဍ ရုပ်သံလိုင်း ကို သီးသန့် လိုင်းဖြင့် တစ်နေ့လုံး စဉ်ဆက်မပြတ် ပတ်လည်စနစ်ဖြင့် ထုတ်လွှင့် နေပြီဖြစ်သည်။ ရေဆင်း စိုက်ပျိုးရေးသုတေသနဌာနတွင် ရိုက်ကူးထုတ်လွှင့်ရေး စတူဒီယို ရှိနေပြီး စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးတက္ကသိုလ် တို့မှလည်း စိုက်ပျိုးရေးအစီအစဉ် ဇာတ်လမ်းများရိုက်ကူးကာ တောင်သူလယ်သမားကဏ္ဍ ရုပ်သံလိုင်း မှ ထုတ်လွှင့်မှုရှိနေကြပြီ ဟုသိရသည်။ စိုက်ပျိုးရေးကောစင်တာဖွင့်၍ တောင်သူများ မေးသမျှ သိလိုသမျှ ပြောကြားနေ သည်ဟု သိရသည်။ အလွန်ကောင်းမွန်သော စိုက်ပျိုးရေးအသိ ပြန့်ပွားရေးလုပ်ငန်းဖြစ်နေသည်။ စိုက်ပျိုးရေးလုပ်ငန်းသည် အချိန်ဆိုင်း ၍မရ၊ အချိန်ဆွဲ၍မရ ဖြစ်လာကြုံလာရသမျှ ပြဿနာ အခက်အခဲ အရပ်ရပ်ကို ချက်ချင်းတုံ့ပြန် ရသည်။ ဘာနှင့်တူသနည်းဆိုသော် ကျွန်တော့်မိတ်ဆွေ ဈေးကွက်သတင်းတွေ စဉ်ဆက် မပြတ် ရေးသားနေသူ မောင်စေအောင် ၏ အပြောနှင့် ရေးသားပြရလျင် “ကြက်သွန်ဝယ်ရင် ကြက်သွန်ဥကို လက်နဲ့ နှိပ်ကြည့်လိုက် ၊ နံပြားလုပ်မဲ့ ဂျုံလုံးလို အိဝင်သွားရင်မကောင်းဘူး လေပူဖောင်း ကို လက်နဲ့နှိပ်ရင် ပြန်ကန်သလို ကြက်သွန်ဥ ဖြစ်မှ ဝယ်ပါ” ဟုပြောပြသလိုပါပဲ စိုက်ပျိုးရေးတွင် တောင်သူများကြုံတွေ့ရမှု အခက်အခဲသည် လေပူဖောင်းကို လက်နဲ့ဖိရင် ပြန်ကန်သလို ချက်ခြင်းတုံ့ပြန်ပြောကြား ဖြေကြားပေးရသော လုပ်ငန်းဖြစ်သည့် အသံလွှင့် လုပ်ငန်း (FM အပါအဝင်) ကောစင်တာ (Call Center) များက တုံ့ပြန်နိုင်ပါသည်။

စိုက်ပျိုးရေးအသိပညာပေးမှု ပြန့်ပွားရေးတွင် တောင်သူများ၊ လယ်ယာလုပ်ငန်းဝင် ကျေးလက်ပြည်သူများအား ရာသီအချိန်ကိုက် သီးနှံစိုက်ပျိုးနိုင်ရန်နှင့် မျိုးအကြောင်း၊ ပိုး အကြောင်း၊ မိုးအကြောင်း သိလိုချိန် သိရှိနိုင်ရန် စိုက်ပျိုးရေးစာပေ စာကြည့်တိုက်တစ်ခု နှင့် ဆက်သွယ်ပြန်ကြားရေးစင်တာ (Information Center) ၊ သိရှိလေ့လာထားသော လေ့လာသိရှိ ချက်၊ သတင်းအချက် အလက်များကို ဆက်သွယ်ရေး ပစ္စည်း ကွန်ပျူတာ၊ တယ်လီဖုန်းတို့ဖြင့် ဆက်သွယ်ရသော စင်တာတစ်ခုကို ရန်ကုန်မြို့ မြေပဒေသာဥယျာဉ်၊ စိုက်ပျိုးရေးပြတိုက်တွင် တွဲဘက် ဖွင့်လှစ်ရန် ညှိနှိုင်းဆွေးနွေးစီစဉ်နေကြပြီဟု သိရှိရသည်။

တကယ်တော့ Museum ပြတိုက်ဆိုသည်မှာ ပစ္စည်းအဟောင်းအသစ်ပြသမှု အပြင်  ပြပွဲ၊ ဆွေးနွေးပွဲများ ကျင်းပကြသဖြင့် အသိပညာရယူရာ နေရာကြီးဖြစ်သည်။ ရန်ကုန်မြို့ အမျိုးသားပြတိုက်၌ ယခုအခါ ကျင်းပသော စာအုပ်ပြပွဲ၊ ဓါတ်ပုံပြပွဲ၊ အနုပညာ ဆွေးနွေး ပွဲ များသည် စိတ်ပါဝင်စားသူ လူထုအတွက် မလွတ်တမ်း သွားရောက်ကြည့်ရှု နားထောင်ရ သော ပွဲများဖြစ်နေသည်။

စိုက်ပျိုးရေးပြတိုက် ၊ မြေပဒေသာဥယျာဉ် နှင့် ကန်တော်ကြီး အလှ                ယခုလည်း တောင်သူများကို အကျိုးပြုနိုင်မည့် စိုက်ပျိုးရေးအသိ ပြန့်ပွားရာ နေရာကြီး ဖြစ်လာနိုင်လျင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်ချက် တစ်ခုကို ဖြည့်ပေးနိုင် လိမ့်မည်ဟု ယုံကြည်မျှော်လင့်မိပါသည်။ လေပူဖောင်းကို ထိမိလျင် ချက်ချင်း တုံ့ပြန်နိုင်သလို တုံ့ပြန်နိုင်ပါစေဟု ဆန္ဒပြုရပါသည်။ စိုက်ပျိုးရေး ပြတိုက်နေရာသည် လွတ်လပ်ရေး အတွက် ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းကြောင်း ရှိခဲ့သော နေရာတစ်ခု ဖြစ်ခဲ့ဖူးသည့် ဟု စာပေတွင် ဖတ်ရှုခဲ့ဖူးပါသည်။ ကန်တော်ကြီး စိမ်းလန်းစိုပြည်  သာယာရေး အတွက် တစ်ချိန်က ဆောင်ရွက် ခဲ့သော ကန်တော်ကြီးနယ်မြေ၏ ပညာပေး ဇုန်လည်း ဖြစ်နေ သဖြင့် ပူးတွဲတည်ရှိနေသော အပန်းဖြေဇုန်နေရာ ဥယျာဉ်သို့ လာရောက်ကြသူများ အတွက် လည်း စိုက်ပျိုးရေးပြတိုက်သည် လေ့လာရာအဖြစ် အစဉ်အမြဲ တည်ရှိနေသင့်လှပေသည်။