ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြန်မာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးမွေးမြူရေးစနစ်ဖွံ့ဖြိုးရေး စီမံကိန်း ၏ Covid-19  တုန့်ပြန်ရေးနှင့် သက်ဆိုင်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်မာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးမွေးမြူရေးစနစ်ဖွံ့ဖြိုးရေး NFASP စီမံကိန်း ၏ Covid-19  တုန့်ပြန်ရေး နှင့် သက်ဆိုင်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ဇန်နဝါရီလ ၁၅ ရက် မွန်းလွဲပိုင်း က Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် နှင့် သက်ဆိုင်ရာ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက် ကြသည်။

ကမ္ဘာ့ဘဏ်အဖွဲ့ အစည်း ၏ ချေးငွေအမေရိကန်​ဒေါ်လာ (၂၀၀) သန်းဖြင့် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် မှ (၂၀၂၅-၂၀၂၆) အထိ(၅) နှစ်ခွဲကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက် မည့် မြန်မာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေး ချေးငွေ စီမံကိန်းကို စိုက်ပျိုး ထုတ်လုပ်မှုများ တိုးတက်လာစေရန်၊ သီးနှံအမယ်စုံ တိုးချဲ့စိုက်ပျိုးလာနိုင်စေရန် နှင့် ရွေးချယ် ထားသော တန်ဖိုးမြှင့်ကွင်းဆက်တစ်လျောက် မှ စိုက်ပျိုးထုတ်ကုန်များ၏ အရည်အသွေး ပိုမိုကောင်းမွန်မှု နှင့် ဈေးကွက်ယှဉ်ပြိုင်မှုများ တိုးမြှင့် လာစေရေး တို့အတွက် မျှော်မှန်း ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ၏ သဘောထား မှတ်ချက်များအရ NFASP စီမံကိန်း ပထမနှစ် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် အတွင်း လုပ်ငန်းများ ဆောင်ရွက်ရန် လျာထားရန်ပုံငွေ အမေရိကန်‌ဒေါ်လာ (၁၂.၅၈၉) သန်းခန့် နှင့် ညီမျှသော မြန်မာကျပ်ငွေဖြင့်  Covid-19 တုံ့ပြန်ရေး ရန်ပုံငွေရရှိရေး ဆောင်ရွက်ပြီး ဦးစီးဌာနများ ၏ လုပ်ငန်း စီမံကိန်းလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။