သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

အော်ဂဲနစ်ထောက်ခံချက်လက်မှတ် ပေးအပ်ရေးစီမံချက် စတုတ္ထ မူကြမ်းများ အပေါ် ထပ်မံဖြည့်စွက် အတည်ပြုနိုင်ရေး လုပ်ငန်း ညှိနှိုင်း ဆွေးနွေး

အော်ဂဲနစ်ထောက်ခံချက်လက်မှတ် ပေးအပ်ရေးစီမံချက် ၊ လမ်းညွှန်ချက်များနှင့် စိုက်ပျိုးရေး စစ်ဆေးခြင်းဆိုင်ရာ လမ်းညွှန်ချက် စတုတ္ထမူကြမ်းများ အပေါ် ထပ်မံဖြည့်စွက် အတည်ပြု နိုင်ရေး  ဆွေးနွေး ပွဲကို ဇန်နဝါရီလ(၁၄)ရက် နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲညွှန်ကြားရေးမှူးများ နှင့် တာဝန်ရှိသူများ ၊   အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်သူများ က Zoom Application အသုံးပြု၍ တက်ရောက်ကြသည်။

Organic စနစ်ဖြင့် ထုတ်လုပ် သည့် သီးနှံများသည် စားသုံးမှုဘေးအန္တရာယ် ကင်းရှင်းရေးကို ဦးစားပေးကာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးလုပ်ငန်းဖြစ်ရန်  အရေးကြီးကြောင်း၊ သက်ဆိုင် သူ အားလုံးတို့က အော်ဂဲနစ်စံချိန်စံညွှန်းပြည့်မီရေး လိုက်နာ ရမည့် စည်းကမ်း လုပ်ထုံးလုပ်နည်းများ ကို လိုက်နာကြရန် အရေးကြီးသလို တာဝန်ယူမှု၊ တာဝန် ခံမှု ရှိရန် လိုအပ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ပြောသည်။

ယနေ့ဆွေးနွေးတင်ပြသည့် စတုတ္ထမူကြမ်းအား ထပ်မံညှိနှိုင်းပြီး ထောက်ခံချက်ပေးသည့် အဖွဲ့ အားလုံး လိုက်နာကိုးကားနိုင်သည့် မိမိတို့နိုင်ငံ၏ ထောက်ခံချက်ပေးရေးဆိုင်ရာ လမ်းညွှန် ချက်များ အဖြစ် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ယနေ့ အစည်းအဝေး ရလဒ် အား ဝန်ကြီးဌာနသို့ ဆက်လက်တင်ပြ၍ ထောက်ခံချက်ပေးရေး စီမံချက်အရ အော်ဂဲနစ် ကြီးကြပ်ရေး အဖွဲ့နှင့် ထောက်ခံချက်ပေးရေးအဖွဲ့များကိုဖွဲ့စည်းပြီး နိုင်ငံတော်အဆင့် အော်ဂဲနစ်ထုတ်ကုန်များ အား ကြီးကြပ်ပိုင်ခွင့် အခွင့်အာဏာရှိ အဖွဲ့များအဖြစ် အသိအမှတ် ပြုနိုင်ရန် မြန်မာနိုင်ငံ စံချိန် စံညွှန်းများ ကို အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများနှင့် ကိုးကား၍ ချမှတ်ခွင့် ရှိသည့်  သုတေသန နှင့် တီထွင် ဆန်းသစ်မှုဦးစီးဌာန (Department of Research and Innovation-DRI) သို့ ဆက်လက် တင်ပြ သွားမည်ဖြစ်ပါကြောင်း၊ Certrification Body သည် နိုင်ငံတကာက လက်ခံထားသည့်၊ အာဆီယံ အော်ဂဲနစ် စံချိန်စံညွှန်း နှင့် ကိုက်ညီသော အချက်များနှင့်လည်း ပြည့်စုံရမည်ဖြစ်ကြောင်း၊ Private Sector (Third Party) ၏ အော်ဂဲနစ် အရည်အသွေးစစ်ဆေးရေး ဆိုင်ရာအား အစိုးရအဖွဲ့ အစည်းက သတ်မှတ်ပြဌာန်း စိစစ်ပေးပြီး တောင်သူပညာပေးလုပ်ငန်းများ၊ ပါဝင်ဆောင်ရွက်သူ များအား အဆင့်ဆင့် သင်တန်းများပေးကာ ဆောင်ရွက်ခြင်းဖြင့် ပြင်ပအဖွဲ့အစည်းများထံ ဆက်လက် လွှဲပြောင်း ဆောင်ရွက်သွားနိုင် မည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး ဘေးအန္တရာယ်ကင်းရှင်း သည့် သန့်ရှင်းလတ်ဆတ်သည့် သီးနှံများ စားသုံးနိုင်ရေးကို ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်သည့် အတွက် ပြည်တွင်း၊ ပြည်ပတင်ပို့ရောင်းချသည့် လုပ်ငန်းများတွင်လည်း Certrificate ပေး နိုင်ရေး အတွက် အားစိုက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စားသုံးသူကို ယုံကြည်မှုရှိအောင် Certrificate ထုတ်ပေး ခြင်း ဖြစ်သည့်အတွက် ကျင့်ဝတ်သိက္ခာနှင့်အညီ ဆောင်ရွက်ကြရန် အရေးကြီးကြောင်း ညွှန်ကြားရေး မှူးချုပ် က ဆက်လက်ပြောကြားသည်။

ဆွေးနွေးပွဲတွင် ဒေါက်တာဝဏ္ဏထွန်း က အော်ဂဲနစ်ထောက်ခံချက်ပေးရေးအဖွဲ့ အတွက် အထွေထွေ သတ်မှတ်ချက်များ၊ အော်ဂဲနစ်ထောက်ခံချက် လျှောက်ထားသူများအတွက် အထွေထွေ လိုအပ်ချက်များ၊ မြန်မာအော်ဂဲနစ်အသိအမှတ်ပြုလက်မှတ်ပေးအပ်ရေး နှင့် ဆက်စပ် အဖွဲ့များ ဖွဲ့စည်းခြင်း၊ စစ်ဆေးသူများလိုက်နာရမည့် အခြေခံကျင့်ဝတ်များ စသည့်  အော်ဂဲနစ် ထောက်ခံချက် လက်မှတ် ပေးအပ်ရေး စီမံချက်ဆိုင်ရာများကို တင်ပြရာ ဆွေးနွေးပွဲ တက်ရောက် လာကြသူများက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

လယ်ယာထွက်ကုန်များ ၏ အရည်အသွေးကောင်းမွန်ရေး၊ အစားအစာဘေးကင်းလုံခြုံရေး ကို အဓိကဦးစားပေး ဆောင်ရွက်လျက်ရှိရာ ၂၀၁၇ ခုနှစ်မှစတင်ပြီး GAP Guide Line ကို ထုတ်ပြန် ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် သီးနှံအလိုက် ဆောင်ရွက်ရမည့် GAP လမ်းညွှန်ချက် များ ထုတ်ပြန် ပေးခဲ့ပြီးဖြစ်သည်။ အလားတူ စျေးကွက်က တောင်းဆိုလာသည့် အော်ဂဲနစ် စံချိန် စံညွှန်း နှင့် အညီ သီးနှံများအား စိုက်ပျိုးထုတ်လုပ်ရန် ပုဂ္ဂလိကများ ၊ တောင်သူများ က စိတ်ဝင် တစား ဆောင်ရွက်လာ လျက်ရှိရာ အော်ဂဲနစ်ထောက်ခံချက်လက်မှတ် ပေးအပ်ရေး ၊ လမ်းညွှန် ချက်များ နှင့် စိုက်ပျိုးရေး စစ်ဆေးခြင်းဆိုင်ရာ လမ်းညွှန်ချက်များထုတ်ပြန်ပေးနိုင်ရေး အတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာန က ဆက်စပ်ဌာနများ ၊ ပြင်ပပညာရှင်များ၊ ပုဂ္ဂလိကများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ယနေ့ဆွေးနွေးပွဲတွင် စတုတ္ထ မူကြမ်းများ အပေါ် ထပ်မံဖြည့်စွက် အတည်ပြုနိုင်ရေး ဆိုင်ရာများကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။